BOOK DETAILS
ဆရာမိုးကျော်ဇင်ဟာ ပထမဆုံးခင်ဗျားကို ပလက်ဖောင်းလမ်းကြားထဲ ခေါ်သွားမယ်။ ဘာရယ်မဟုတ်ပါဘူး ဆိုက်ကားဂိတ်မှာ ခရီးသည်စောင့်ရင်း ကျားထိုးနေတဲ့သူတွေရှိမယ်။ ပြီးရင် ရန်ကုန်မြို့ရဲ့ အစိုးရရုံးနံရံတစ်ခုကို မှီပြီးဖွင့်ထားတဲ့ တာလပတ်အမိုးအကာနဲ့ ဆိုင်လေးတွေရယ်။ ဆိုင်လေးမှ လေးဆိုင်ထဲပါ။လမ်းထိပ်ကွမ်းယာဆိုင်လေးရှိမယ်။မကြီးသီတာရဲ့ အသုပ်ဆိုင်လေးရယ်၊လက်ဖက်ရည်ဆိုင်လေးနှစ်ဆိုင်ရယ်ပေါ့။လက်ဖက်ရည်ဆိုင်ဆိုလို့ မယ်မယ်ရရမဟုတ်ပါဘူး။မြောင်းကိုခွပြီး ပလက်ဖောင်းပေါ် ထိုင်ခုံနီလေးတွေခင်းလို့။ညိုညစ်ညစ်စားပွဲပုလေးတွေပေါ်မှာ နှုတ်ခမ်းအနားပဲ့၊လက်ဖက်ခြောက်ချိုးကပ်နေတဲ့ ဖရိုဖရဲအကြမ်းခွက်ကလေးတွေနဲ့။အဲ့လိုမျိုး လက်ဖက်ရည်ဆိုင်။ဘာမှ မရှိတဲ့ လက်ဖက်ရည်ဆိုင်ပေါ့။နေ့ခင်းလက်ဖက်ရည်ဆိုင်ဟာ ညခင်းရောက်ရင် တာလပတ်အမိုးတွေချပြီး အိမ်ကလေးဖြစ်သွားမယ်။အိမ်ထဲမှာလည်း ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရှိတယ်။အဲ့ကောင်လေးမှာလည်း မရှိခြင်းတွေအများကြီးပိုင်ဆိုင်ထားပါတယ်။ဒါပေမယ့် ဆရာမိုးကျော်ဇင်က ပြောထားတယ်။"မရှိခြင်း" မှာလည်း "ရှိခြင်း"တွေ ရှိတယ်တဲ့။ တာလပတ်မိုးကာလက်ဖက်ရည်ဆိုင်ထဲက နာမည်နဲ့မလိုက်တဲ့ အဖျော်ဆရာပေါက်စီ။ပလက်ဖောင်းလမ်းကြားထဲ မိုက်ကြေးခွဲတဲ့ နာမည်နဲ့လိုက်တဲ့ ဦးကတုံး။လက်ဖက်ရည်ဆိုင်မိသားစုထဲ ဘာတွေဖြစ်ဖြစ် ဘာမှမဖြစ်တဲ့သူနှစ်ယောက်ကတော့ ဆေးလိပ်ကြီးဖွာပြီး ငေးမောနေတတ်တဲ့ အဖွားရယ်၊မျက်လုံး အဝိုင်းသားနဲ့ သမီးအငယ်မလေးရယ်ပေါ့။"အစောင့်အရှောက်ရှိတယ် ငါ့ကို မကောင်းကြံလို့ မရဘူး"လို့ အမြဲပြောတတ်တဲ့ အန်တီကြီးနဲ့ ဘယ်သူ့ကိုမှ ဘာမှမပြောပဲ ရေထမ်းထမ်းနေတဲ့ အန်တီပိုလေးတို့ကတော့ အကြီးကောင်ရဲ့ အဒေါ်တွေ။လောကဓံတွေကို ခံကြရတဲ့အထဲတော့ အကြီးကောင်အမေ၊ပေါက်စီမိန်းမလည်း ပါသပေါ့ဗျာ။ လက်ဖက်ရည်ဆိုင်အိမ်ထဲက မိသားစုဝင်တွေနဲ့ တဖြည်းဖြည်းချင်း မိတ်ဆက်ပေးရင်း ခင်ဗျားကို လက်ဖက်ရည်ဆိုင်ထဲ ဆွဲခေါ်မယ်။ပြီးရင်တော့ အကြီးကောင်အဖြစ် စားပွဲထိုးပေတော့ပဲ။ ပေါက်စီမရှိတဲ့လက်ဖက်ရည်ဆိုင်မှာ စမူဆာအမှာခံရတာ၊သားတစ်ယောက်ကို အဖေတစ်ယောက်က စက်ဘီးနင်းပို့တာတွေဟာ ပုံမှန်လူခင်ဗျားအတွက် ဘာမှဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ဒါပေမယ့် ခင်ဗျားဟာ လက်ဖက်ရည်ဆိုင်အိမ်ထဲက အကြီးကောင်အဖြစ်စားပွဲထိုးပေးနေရမယ်ဆိုရင်တော့.............. ဆရာမိုးကျော်ဇင်ဟာ ခင်ဗျားကို လက်ဖက်ရည်ဆိုင်အိမ်ထဲပဲ ခေါ်သွားမလား။လက်ဖက်ရည်ဆိုင်အိမ်ကိုပဲ ခင်ဗျားရင်ထဲ ထည့်ပေးလိုက်မလား။
0 Reviews