BOOK DETAILS
ဤစာအုပ်သည် ဦးနု၏ ထင်ရှားကျော်ကြားသော ပင်ကိုရေးဝတ္ထုများ၊ ဘာသာပြန်ပြဇာတ်များအနက်မှ အလွန်ထင်ရှားသည့် ဘာသာပြန်လက်ရာ ကြီးပွားရေးဋီကာဟု ဆိုနိုင်ပေသည်။
"လူတို့တွင် ချမ်းသာမှု ဆင်းရဲမှုတို့သည် “ကံ”တည်းဟူသော တစ်ခုတည်းသော အကြောင်းကြောင့်သာ မဟုတ်။ ဆင်းရဲခြင်းသည် လုပ်သင့်သည့်အရာများကို မလုပ်၊ မလုပ်သင့်သည့်အရာများကို လုပ်နေသောကြောင့်ပင်ဖြစ်ပြီးလျှင် ချမ်းသာခြင်းသည် မလုပ်သင့်သည့် အရာမျိုးကို အထူးရှောင်၍ လုပ်သင့်သည့် အရာများကို အထူးလုပ်ဆောင်လျက်ရှိသောကြောင့်ဖြစ်ကြောင်းကို အလွန်ထင်ရှား မှတ်သား နာယူဖွယ်ကောင်းသော သက်သေသာဓကတို့ဖြင့် ရောပြွမ်းလျက် စာအုပ်တစ်အုပ်လုံးကို အစမှအဆုံးအထိ ရေးသားဖော်ပြထားသည်ကို ဆက်လက်တွေ့ရှိရ၏။ ထိုအခါတွင် စာတစ်အုပ်လုံးကို ဆုံးခန်းတိုင် ဘာသာပြန်တော့မည်ဟု ဒုတိယအကြိမ် ကျွန်တော်၏ စိတ်နှလုံးကို တုံးတုံးချပြန်၏။"
"ဤစာအုပ်ထူးကို ဖတ်ခြင်းဖြင့် မြန်မာနိုင်ငံတွင် နွားကျောင်းသားမှ နန်းရင်းဝန်၊ တေလေဂျပိုးမှ စာတည်းမှူး၊ လှေထိုးသားမှ သူဌေးကြီးဘဝသို့ ရောက်လိမ့်မည် သို့မဟုတ် ရောက်နိုင်ရမည်ဟု ဧကန်အမှန် မပြောနိုင်။ သို့ရာတွင် “လုပ်ပါ” ဟု ဤစာအုပ်ထဲတွင် ရေးသားထားသောနည်းများကို မလုပ်ဘဲ “မလုပ်ပါနှင့်” ဟု ရေးသားထားသောနည်းများကို လုပ်ခဲ့လျှင် နန်းရင်းဝန်သော်လည်းကောင်း၊ စာတည်းမှူးသော်လည်းကောင်း၊ သူဌေးကြီးသော်လည်းကောင်း မိမိတို့တွင်ရရှိပြီးသော ရာထူးနှင့် စည်းစိမ်တို့ကို မပျောက်မပျက်အောင် တားဆီးနိုင်သော်လည်း သူတို့၏ မိတ်ဆွေသင်္ဂဟ၊ သူတို့နှင့် ပေါင်းသင်းဆက်ဆံကြသူများကို သူတို့အား စွန့်ပစ်မသွားအောင် ဘယ်နည်းနှင့်မျှ တားဆီးနိုင်ကြလိမ့်မည်မဟုတ်။
လောကနီတိဆရာကြီး၏ အလိုအားဖြင့်ဆိုသော် အဆွေခင်ပွန်းမရှိသောသူ၌ ချမ်းသာခြင်း မရှိနိုင်ချေ။ သို့ဖြစ်ပေရာ ထိုစာအုပ်တွင်ပါသော ဥပဒေများကို ဆန့်ကျင်ကြကုန်သော ပုဂ္ဂိုလ်မှန်သမျှတို့သည် တတ်နိုင်လျှင် နန်းရင်းဝန်သော်လည်းကောင်း၊ စာတည်းမှူးသော်လည်းကောင်း၊ သူဌေးကြီးသော်လည်းကောင်းဖြစ်စေကာ မိတ်ဆွေသင်္ဂဟနှင့် ပေါင်းသင်းဆက်ဆံကြသူတို့၏ စွန့်လွှတ်ခြင်းကို ခံရမည်မှာ အမှန်ပင်ဖြစ်ရကား ထိုသူတို့၌ အဘယ်မှာလျှင် ချမ်းသာခြင်း ရှိနိုင်ပါတော့အံ့နည်း။
အပြန်အလှန်သဘောအားဖြင့် ပြောရမည်ဆိုလျှင် ဤစာအုပ်ထူးသည် နွားကျောင်းသားတစ်ဦးအား နန်းရင်းဝန်ဖြစ်အောင် ပြုလုပ်ပေးခြင်းငှာ မစွမ်းနိုင်စေကာမူ ထိုနွားကျောင်းသားအား စာအုပ်ပါ နည်းများကို အသုံးပြုစေခြင်းဖြင့် လူချစ်လူခင် ပေါများအောင်သော်လည်းကောင်း၊ မိတ်ဆွေသင်္ဂဟပွားများအောင်သော်လည်းကောင်း ပြုလုပ်ပေးနိုင်သည်ဖြစ်ရာ ချစ်ခင်သူနှင့် မိတ်ဆွေသင်္ဂဟ ပေါများသော ထိုနွားကျောင်းသားတွင် အဘယ်မှာလျှင် ချမ်းသာခြင်းကို မရဘဲ ရှိပါတော့အံ့နည်း။"
(ဦးနု၏ စကားချီးမှ ကောက်နုတ်ချက်)
1 Review
thukha07
2 months agoEpub file ကစာကလုံးတွေကဖတ်လို့လဲမရဘူး