BOOK DETAILS
ဝတ္ထုနာမည်က ‘ကယ်မတော်မူသော’ တဲ့။ ဘာကို ကယ်မတာလဲ။ ဘယ်သူက ဘယ်သူ့ကို ကယ်မတာလဲ။
ဒီဝတ္ထုရဲ့ အင်္ဂလိပ် ဘာသာပြန်စာအုပ်ကို ‘Salvation of A Saint’ လို့ နာမည်ပေးထားတယ်။
အဓိပ္ပာယ်က ‘သူတော်စင်တစ်ဦး၏ ကယ်မခြင်း’ ပေါ့။ သူတော်စင်တဲ့နော်။ ဘယ်သူက သူတော်စင်လဲ။ အသတ်ခံရတဲ့ ယိုရှိတာကာလား။ သေဆုံးသူရဲ့ ဇနီး အာယနဲကို ပြောတာလား။
ဘယ်သူက ဘယ်လို ကယ်မတာလဲ။ ဒါပေမယ့် မူရင်း ဂျပန်စာအုပ်ရဲ့ နာမည်မှာကျတော့ သူတော်စင်လို့ ရေးမထားဘူး။ 聖女の救済 တဲ့။ 聖女 ဆိုတာ သူတော်စင်(မ) ကို ပြောတာ။ ဣတ္ထိလိင်အဖြစ် သုံးထားတာ ဆိုတော့ သေချာတယ်။ သူ ပြောချင်တဲ့ သူတော်စင်ဆိုတာ ယိုရှီတာကာတော့ မဟုတ်တော့ဘူး။
အပြင်ပန်းအရ ကြည့်မယ်ဆိုရင် စာအုပ်နာမည်က ဝတ္ထုပါ အကြောင်းအရာနဲ့ ဘယ်လိုမှ မအပ်စပ်နေသလိုပဲ။
ဝတ္ထုက လူသတ်မှုတစ်ခုကို ဖော်ထုတ်တဲ့ ဝတ္ထုဆိုတော့ ဘာကို သွား ကယ်မမှာလဲ။ လူသတ်မှု မမြောက်အောင် ကယ်ဖို့ ကြိုးစားတာ ဖြစ်ချင် ဖြစ်မှာပေါ့ လို့တော့ တွေးကောင်းတွေးနိုင်တာပေါ့။
ဒါပေမယ့် ဘာကြောင့် ဒီနာမည် ပေးထားသလဲ ဆိုတာကိုတော့ ဝတ္ထုအဆုံးကျရင် သဘောပေါက်သွား ပါလိမ့်မယ်။
စာရေးဆရာ ဟီဂါရှီနိုရဲ့ ထုံးစံက ဝတ္ထုအများစုမှာ လူသတ်သမားကို အစောကြီးကတည်းက ဖော်ပြထားပြီး ဘယ်လို အမှုဖော်သလဲ ဆိုတဲ့ အပိုင်းနဲ့ စာဖတ်သူကို ဆွဲဆောင်လေ့ရှိတယ်။ ဒီဝတ္ထုမှာကျတော့ နည်းနည်းလေး မူကွဲနေတယ်။
လူသတ်သမား ဘယ်သူလဲ ဆိုတာကို အတိအလင်း ပြောပြမထားဘဲ အရိပ်အမြွက်လောက်ပဲ ချပြထားတယ်။
နောက်ပြီး သူ့ကို လူသတ်မှုနဲ့ အဝေးတစ်နေရာ ပို့ထားလိုက်တော့ စာဖတ်သူမှာ ဇဝေဇဝါတွေ ဖြစ်လို့။ ဒါပေမယ့် ဟီဂါရှိနိုရဲ့ ရည်ရွယ်ချက်က လူသတ်သမား ဘယ်သူလဲ ဆိုတာကို သိစေချင်တာထက် အမှုကို ဘယ်လို သုံးသပ်ဝေဖန်သလဲ ဆိုတာနဲ့ အမှုရဲ့ နောက်ကွယ်က လူမှုရေးအရှုပ်အရှင်းကို အဓိက မီးမောင်းထိုးပြချင်တာ ဆိုတော့ အဆုံးထိ ရင်တလှပ်လှပ်နဲ့ ဖတ်သွားရမယ့် ဝတ္ထုမျိုးပါပဲ။
ကလောင်ရဲ့ အစွမ်းလို့ပဲ ပြောရမလား မသိဘူး။ စာဖတ်သူ အများစုက အသတ်ခံရတဲ့ ယိုရှီတာကာကို မသနားမိကြဘဲ သူ့အစား လူသတ်သူလို့ သံသယရှိခံနေရတဲ့ မိန်းမနှစ်ယောက်ကို ဝိုင်းသနားမိနေကြတယ်။
တကယ်တော့လည်း ယိုရှီတာကာလို လူမျိုးကလည်း မသနားထိုက်တဲ့ လူမျိုးထဲ ပါမယ် ထင်တယ်။ သူက ဆိုးသွမ်းနေလို့တော့ မဟုတ်ဘူး။ ဘဝနဲ့ပတ်သက်ပြီး ဦးနှောက်ကိုပဲ အားပြုလွန်းအားကြီးနေလို့လို့ ပြောရင် ပိုမှန်မယ် ထင်တယ်။
ကျနော် သုတေသနတစ်စောင် ဖတ်ဖူးတယ်။ ဆယ်ကျော်သက်တွေက လူကြီးတွေထက် ဘာဖြစ်လို့ အချစ်ကို ဦးစားပေးကြတာလဲ တဲ့။ ကျနော်တို့မှာ ဦးနှောက်နှစ်ခြမ်း ရှိတယ်ဆိုတာ လူအများစု သိပြီး ဖြစ်မှာပါ။
ဘယ်ဘက်အခြမ်းက တွက်ချက်မှုလို၊ ဘာသာစကားလို တိကျသေချာတဲ့ ကိစ္စမျိုးတွေကို လုပ်ဆောင်ပြီး ညာဘက်အခြမ်းက ခံစားမှုလို၊ စိတ်ကူးယဉ်တာလို၊ မှန်းဆပုံဖော်ခြင်းလို သိပ်မရေရာတဲ့၊ အလုံးအကောင် ပြလို့မရတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်တယ်။
ပြောရရင် ကလေးတစ်ယောက် မွေးဖွားလာတဲ့အခါမှာ ဦးနှောက်နှစ်ခြမ်းရဲ့ ဖွံ့ဖြိုးမှုနှုန်းက တူညီမနေဘူး။ ညာဘက်အခြမ်းက ပိုဖွံ့ဖြိုးနေပြီး ဘယ်ဘက်အခြမ်းက နောက်မှ ဖြည်းဖြည်းနဲ့မှန်မှန် ဖွံ့ဖြိုးလာတယ်။
ဒါကြောင့်လည်း ကလေးတွေက ငယ်တုန်းအရွယ်မှာ ကျိုးကြောင်းမညီညွတ်တဲ့ ကိစ္စတွေကို လုပ်တတ်ပေမယ့် ခံစားချက်ကတော့ ပုံမှန်နီးနီး အလုပ်လုပ်နေတယ်။ အသက် ၂၀ ပြည့်လောက်မှ ဦးနှောက်က လုံးဝ တည်ငြိမ်ရင့်ကျက်လာတာ ဆိုတော့ ဘယ်ဘက်ဦးနှောက်၊ စဉ်းစားခြင့်ချိန်တတ်တဲ့ ဦးနှောက်အခြမ်းက အသက် ၂၀ ကျော်မှ လူလားမြောက်တယ်လို့ ပြောလို့ ရတယ်။
ဒါကြောင့်လည်း ဆယ်ကျော်သက် လူငယ်တွေက စိတ်ကူးယဉ်အချစ်၊ စိတ်ကူးယဉ်ဘဝကို ပိုပြီး အားသန်ကြတယ်။
ကျနော် သတိထားမိသလောက် ပြောရရင် မိန်းမနဲ့ ယောက်ျားမှာလည်း မိန်းမအများစုက ပိုပြီး စိတ်ကူးယဉ်တတ်ပြီး ယောက်ျားအများစုက ပိုပြီး လက်တွေ့ကျတတ်တယ်။ ယေဘုယျ ပြောတာနော်။
သဘောက မိန်းမတွေမှာ ညာဘက်ဦးနှောက်က ဘယ်ဘက်ဦးနှောက်ထက် ပိုဖွံ့ဖြိုးပြီး ယောက်ျားတွေမှာကျတော့ ဘယ်ဘက်ဦးနှောက်က ပိုဖွံ့ဖြိုးနေတာ ဖြစ်မယ်။
ဒါကြောင့်လည်း ယောက်ျားတွေက မိန်းမတွေထက်စာရင် အတွက်အချက်၊ ဂဏန်းသင်္ချာနဲ့ တက္ကလို ယုတ္တိဗေဒပိုင်းမှာ ပိုပိုင်နိုင်ကြတာ ဖြစ်မယ်။
ဒီဝတ္ထုထဲမှာ ပါတဲ့ ယိုရှိတာကာရဲ့ ဘယ်ဘက်ဦးနှောက်က ညာဘက်ဦးနှောက်ထက် အစွန်းရောက်လောက်အောင် အပုံကြီး ပိုသာနေပုံရတယ်။ ဒါကြောင့်လည်း သူ့ဘဝ၊ သူ့အိမ်ထောင်ရေးအတွက် ဘာကိုမှ မမှုဘဲ ၁၀၀% တွက်ချက်စီမံထားတာ ဖြစ်မယ်။
သူရဲ့မိန်းမ အာယနဲကတော့ မိန်းမပီပီ ညာဘက်ဦးနှောက် ပိုအားကောင်းပုံ ရတယ်။ ဒါပေမယ့် သူရဲ့ ဘယ်ဘက်ဦးနှောက်ကလည်း ခေသူ မဟုတ်လေတော့ သူ့အတွက်သူကလည်း ကြိုတွက်ချက်ထားပြီးသားပဲ။
0 Reviews