BOOK DETAILS

အဆိပ်

Language : မြန်မာ
Publisher :  https://t.me/TheBookR

ကိုယ့်ဘဝ သာတောင့်သာယာ ရှိဖို့အတွက် ကိုယ်ကျင့်သိက္ခာနဲ့ သစ္စာတရားကို နင်းဖျက်ခြေမွပြီး စည်းစိမ်ဥစ္စာနောက် တကောက်ကောက်ပါအောင် လိုက်ကြသူတွေဟာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာတဲ့ဘဝကို ရရှိပိုင်ဆိုင်ကြပါရဲ့လား။ ကိုယ်ပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာတွေဟာ ကိုယ့်ဆီကို ဘယ်လိုနည်းလမ်းမျိုးနဲ့ ရောက်လာကြတာလဲ။ ရိုးရိုးသားသား ရှာဖွေစုဆောင်းထားတာ မဟုတ်ပဲ သူတစ်ပါးရဲ့ဘဝကို စတေးပြီး သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ရလာတာမျိုးဆိုရင် တချိန်ချိန်မှာ သဘာဝတရားရဲ့ ဒဏ်ခတ်မှုကို အလူးအလဲ ခံရမှာ အမှန်ပါပဲ။ ဘဝတစ်လျှောက် လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် တချိန်ချိန်မှာ “လိပ်ပြာလုံသလား” လို့ အမေးခံရတဲ့အခါ ဘယ်လိုဖြေဖို့ စဉ်းစားထားသလဲ။ မသိစိတ်ရဲ့ အနက်ရှိုင်းဆုံး နေရာတစ်နေရာမှာ အမှန်အမှားကို ဝေဖန်နိုင်တဲ့ တရားသူကြီးတစ်ယောက် ရှိသတဲ့။ တခြားသူတွေအပေါ် ဟန်ဆောင်လို့ရပေမယ့် ကိုယ့်အတွင်းစိတ်ကိုတော့ ဘယ်လိုမှ လှည့်စားလို့ရမှာ မဟုတ်ဘူး။ နောင်တတရားရဲ့ ရစ်ပတ်နှောင်ဖွဲ့မှုတွေနဲ့ တစ်သက်လုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ နေပေတော့။ ကိုယ်ကျင့်တရား ဖောက်ဖျက်ပြီးမှ ဘဝအခြေ တိုးတက်မြင့်မားရမယ်ဆိုရင် ရင်းလိုက်ရတဲ့ အိပ်မက်ဆိုးတွေအတွက် ပြန်ရလိုက်တဲ့အရာဟာ ထိုက်တန်ရဲ့လားဆိုတာ စဉ်းစားစရာပဲ ဖြစ်ပါတယ်။ အပြင်ဘမ်းမှာ အဆင်ပြေကောင်းမွန်ပါတယ်လို့ ဘယ်လိုဟန်ဆောင်ထားထား အတိတ်တစ္ဆေရဲ့ ခြောက်လှန့်နှိပ်စက်မှုတွေကနေတော့ ဘယ်လိုမှ ရှောင်လို့လွတ်မှာ မဟုတ်ပါဘူး။ ဆရာ “ထင်လင်း” က “အဆိပ်” လို့အမည်ပေးပြီး ဘာသာပြန်ထားတဲ့ “A. J. Cronin’s” ရဲ့ “THE JUDAS TREE” ဝတ္ထုမှာ အဲဒီသဘောတရားကို တွေ့ရမှာပါ။ “ယုဒသစ်ပင်” ဆိုတာ ခရစ်တော်အပေါ် သစ္စာဖောက်ပြီး ခရစ်တော်ကို လူသတ်သမားတွေလက်ထဲ ပေးအပ်ခဲ့သူ “ယုဒ” ဆိုသူက ကိုယ့်လုပ်ရပ်အတွက် နောင်တကြီးစွာရလို့ ကြိုးဆွဲချသတ်သေသွားတဲ့ သစ်ပင်ကို အစွဲပြုခေါ်တာပါ။ သစ္စာတရားပျက်ယွင်းပြီးမှ ရလာတဲ့ ဓနဥစ္စာဟာ ကိုယ့်နှလုံးသားကို လောင်ကျွမ်းစေမယ့် အဆိပ်၊ ကိုယ့်ဘဝကို ဖျက်စီးပစ်မယ့်အဆိပ်၊ ကိုယ့်အသက်ကို ညှဉ်းသတ်မယ့် အဆိပ်။ ဆွစ်ဇာလန်ပြည်ရဲ့ အေးချမ်းတိတ်ဆိတ်လှတဲ့ ဇိမ်ခံအိမ်လေးထဲမှာ လိုတ’ရဘဝနဲ့ အနားယူနေတဲ့ ဆရာဝန်တစ်ယောက်။ အသက် (၅၀) ကျော်အရွယ်။ နာမည်က “ဒေးဗစ်မိုရေး” တဲ့။ တန်ဖိုးကြီးပန်းချီကားတွေ၊ ဇိမ်ခံပစ္စည်း အမျိုးမျိုးနဲ့ တန်ဆာဆင်ထားတဲ့ အိမ်လေး။ ပန်းမန်မျိုးစုံ ဖူးပွင့်ဝေဆာနေတဲ့ ပန်းဥယျာဉ်။ အကောင်းဆုံး လက်ရာတွေနဲ့ ချက်ပြုတ်ပေးတဲ့ စားဖိုမှူး။ သူ့ကို အထင်ကြီးလေးစားကြတဲ့ လူကုံတန်အသိုင်းအဝိုင်းက မိတ်ဆွေတွေ၊ စသဖြင့် ကောင်းပေ့ညွန့်ပေ့တွေ ဝန်းရံနေတဲ့ဘဝ။ လူတိုင်းက အားကျရတဲ့ဘဝ။ “ဒေးဗစ်မိုရေး” ရဲ့ လက်ရှိဘဝ။ လူအများသူ့ကို အားကျနေသလို သူဟာ တကယ်ရော စိတ်ချမ်းချမ်းသာသာ ရှိနေရဲ့လား။ အများအမြင်နဲ့ ဆန့်ကျင်ဘက်ပါပဲ။ ပြည့်စုံအေးချမ်းတဲ့ အပြင်အဆင် အဝန်းအဝိုင်းထဲမှာ အတိတ်တစ္ဆေရဲ့ ခြောက်လှန့်တာကို အချိန်နဲ့အမျှ ခံစားနေရရှာလေရဲ့။ အိပ်မပျော်တဲ့ရောဂါ၊ စိတ်ကျရောဂါကြောင့် သူပြနေကျ စိတ်ရောဂါ အထူးကု ဆရာဝန်က အေးအေးလူလူ အနားယူဖို့လိုတယ်လို့ ညွှန်ကြားလိုက်လို့ သူ့စိတ်တိုင်းကျ ရွေးချယ်ထားတဲ့နေရာမှာ လာနေထိုင်နေပေမယ့် အတိတ်ဆိုးကနေ ဘယ်လိုမှ ထွက်ပြေးလို့မရခဲ့ဘူး။ အများအမြင်တင့်တယ်တဲ့ ဒီလို လူကုံတန်ဘဝမျိုးရောက်ဖို့ သူဘာတွေလုပ်ခဲ့ရသလဲ။ စကော့တလန်ပြည်ရဲ့ တစ်နေရာ။ ဆင်းရဲစုတ်ပြတ်နေတဲ့ ဆေးကျောင်းသား “မိုရေး”။ ဆေးပညာကို ကျားကုတ်ကျားခဲ သင်ယူရင်း “မေရီ” ဆိုတဲ့ မိန်းကလေးနဲ့ ချစ်ကြိုးသွယ်ခဲ့ကြတယ်။ သူဆရာဝန်ဖြစ်တဲ့အခါ ဆေးရုံတစ်ခုမှာ ဆေးကုရင်း “မေရီ” နဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝ တည်ဆောက်မယ်လို့ “မေရီ” ကို အထပ်ထပ်အခါခါ ကတိပေးခဲ့ရှာတယ်။ ဒါပေမယ့် အလုပ်ကိစ္စကြောင့် “မေရီ” လေးနဲ့ ခွဲခွာရပြီး သုံးလေးလအကြာမှာပဲ ဆေးကုန်သည် သူဌေးကြီး တစ်ဦးရဲ့သမီးနဲ့ လက်ထပ်လိုက်တယ်။ သစ္စာရှင် “မေရီ” လေးကိုပစ်ပြီး သူ့ဘဝတက်လမ်းရှိမယ့် သူဌေးသားမက်အဖြစ် ရွေးချယ်လိုက်တော့တယ်။ ဒီထက်ဆိုးတာက ဆရာဝန်တစ်ယောက်အနေနဲ့ ဆေးကုတဲ့အလုပ်ကို မလုပ်တော့ပဲ ယောက္ခမသူဌေးရဲ့ လမ်းညွှန်မှုနဲ့ ရေမွှေးစတဲ့ အလှအပ ကုန်ပစ္စည်းမျိုးစုံ ဖော်စပ်ရောင်းချပြီး ငွေများများ ရနိုင်တဲ့နောက်ကို လိုက်တော့တာပဲ။ ဆရာဝန် ဂုဏ်သိက္ခာ စာနာထောက်ထားစိတ်ဆိုတာ သူနဲ့ဟိုး… အဝေးကြီးမှာ။ အခွံအကာတွေကြားမှာ အနှစ်သာရ ပျောက်ဆုံးနေသူအတွက် စိတ်ကျရောဂါနဲ့အတူ “မေရီ” လေးအပေါ် သစ္စာဖောက်ခဲ့တဲ့ နောင်တတွေက သူ့ကို တဖြည်းဖြည်း ဝါးမြိုလောင်မြိုက်လာခဲ့တယ်။ သူခြေဦးမလှည့်ရဲတာ ကြာပြီဖြစ်တဲ့ “မေရီ” ရှိရာ အရပ်ဆီ အားတင်းပြီး အပြစ်ကြွေးဆပ်ဖို့ သွားတဲ့အခါ “မေရီ” ဟာ ဆုံးပါးသွားရှာပြီ။ “မေရီ” နဲ့ တထေရာတည်းတူတဲ့ မေရီသမီးလေး “ကေသီ” နဲ့တွေ့ပြီး မေတ္တာသက်ဝင်မိပြန်တယ်။ သူတို့နှစ်ဦးလက်ထပ်ပြီး အာဖရိကတိုက်ရဲ့ ဝေးလံခေါင်းဖျား ဒေသတစ်ခုမှာ စေတနာ့ဝန်ထမ်း သွားလုပ်မယ့် “ကေသီ” နဲ့ အတူ သူလည်း စေတနာဆရာဝန်အဖြစ်နဲ့ ဆေးကုတဲ့အလုပ်ကို ပြန်လုပ်မယ်လို့ ဆိုတယ်။ ဒါပေမယ့် သူဟာ ခွေးမြီးကောက် ကျည်တောက်စွပ်ပါပဲ။ အာဖရိကရဲ့ ခက်ခဲကြမ်းတမ်းရဲ့ အခြေအနေကို သတင်းစာတွေထဲမှာလည်း ဖတ်ရရော။ နှစ်ပေါင်းများစွာ ဆီဦးထောပတ်နဲ့ ယဉ်ပါးနေပြီးဖြစ်တဲ့ သူ့စိတ်အခြေအနေဟာ ပျက်စီးလွန်းမက ပျက်စီးနေခဲ့ပြီ။ အာဖရိကကိုလည်း မသွားဖြစ်တော့သလို ချစ်ရတဲ့ “ကေသီ” လေးကို သစ္စာဖောက်ပြီး တခြားအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်။ အကြောင်းစုံသိလိုက်ရတဲ့ “ကေသီ”လေးခမျာ မခံစားနိုင်ရှာလွန်းလို့ ပင်လယ်ထဲခုန်ချပြီး သေပွဲဝင်သွားရှာတယ်။ ဒီတော့မှ သူ့လုပ်ရပ်ဟာ ဘယ်လောက်အထိ အရှက်သိက္ခာမဲ့တယ်။ ဘယ်လောက်အထိ လူမဆန်တယ်ဆိုတာ နားလည်လာပြီး သူ့မျက်နှာဖုံး အရေခွံဟာ ကွာကျလာတော့တယ်။ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ အတ္တသမား လောဘသားတွေအတွက် သွားရာလမ်းဟာ တစ်လမ်းတည်းပဲ ရှိပါတယ်။ အဲဒါကတော့ “ယုဒသစ်ပင်” နဲ့ အဆုံးသတ်ရမယ့် ဘဝပါပဲ။ ဆရာထင်လင်းရဲ့ ပြေပြစ်ချောမွေ့တဲ့ အရေးအသားနဲ့အတူ ကိုယ်ကျင့်တရား သင်ခန်းစာတွေနဲ့ ပြည့်နှက်နေတဲ့ ရသမြောက် ဝတ္ထုကောင်းတစ်ပုဒ် ဖတ်ချင်တယ်ဆိုရင် ဒီဝတ္ထုလေးကို ညွှန်းဆိုပါရစေရှင်။

About Author

ထင်လင်း
4 Books

ရွှေဘိုခရိုင် ရေဦးမြို့နယ် ညောင်လယ်ရွာ၌ အဖမြေတိုင်းစာရေးကြီး ဦးဘိုးပေါ် ၊အမိဒေါ်လှတို့ မေလ ၉ရက် ၁၉၁၉တွင်မွေးဖွါးသည်။ မွေးချင်း ၄ယောက်မြောက်ဖြစ်၍ အမည်ရင်းမှာ ဦးသိန်းမောင်ဖြစ်သည်။

ငယ်ရွယ်စဉ်က ညောင်လယ်ရွာ ဘုန်းတော်ကြီး ဦးကြာစိကျောင်း၌ စတင်ပညာသင်ယူသည်။ ၁၉၂၉-၃၀ ထန်းတပင် ဇီးကုန်း ဦးသာဂျမ်း အလယ်တန်းကျောင်း၌ လေးတန်းအထိ၊ ၁၉၃၀-၃၁တွင် ရေဦး အင်္ဂလိပ်-မြန်မာ အလယ်တန်းကျောင်း၊၁၉၃၁-၃၉တွင် ရွှေဘို အက်စ်ပီဂျီ သာသနာပြုကျောင်း၌ ဆက်လက် ပညာသင်ယူသည်။ ၁၉၃၉တွင် ဆယ်တန်းအောင်သည်။ ၁၉၄၇တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ဆည်ပူးပြီး ၁၉၅၂ တွင်ဝိဇ္ဇာဘွဲ့ ၊ ၁၉၅၄တွင် ဥပဒေဘွဲ့ ရရှိခဲ့သည်။

၁၉၃၉- ၄၇ တွင်ရွှေဘိုအရေးပိုင်ရုံး၌ စာရေး၊ ကန့်ဘလူနယ်ပိုင်ရုံးတွင် ဒုတိယစာရေး ၊ ကန့်ဘလူမြို့ပိုင်ရုံးတွင် စာရေးကြီး၊ထို့အပြင် တန့်ဆည် ခင်ဦး၊ဝက်လက် စသဖြင့် ပြောင်းရွေ့အမူထမ်းရသည်။ ၁၉၄၈တွင် စာပေဗိမ္မာန်၌ စာပြု၊ ၁၉၄၉-၅၄တွင် စာပေဗိမ္မာန်၌ လက်ထောက်စာတည်း၊ ၁၉၅၄-၅၅တွင် တက္ကသိုလ် ဘာသာပြန်စာအုပ်နှင့် စာအုပ်ထုတ်ဝေရေးဌာန၌ လက်ထောက်စာတည်း၊ ၁၉၅၅-၅၉တွင် ရနကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန၌ နည်းပြအဖြစ်အမူထမ်းပြီး မဟာဝိဇ္ဇာတန်း ဆက်တက်သည်။ ၁၉၅၉တွင် မင်းယုဝေနှင့်တွဲဖတ်၍ ငွေတာရီ မဂ္ဂဇင်းနှင့် ငွေတာရီစာစဉ်တည်ထောင်ပြီး ငွေတာရီမဂ္ဂဇင်း အယ်ဒီတာချုပ်၊ ငွေတာရီစာစဉ် တွဲဖက်အယ်ဒီတာ အဖြစ်တာဝန်ယူသည်။ ၁၉၆၁မှစ၍ ဦးခင်မောင်လတ်နှင့်အတူ အလွတ်ပညာသင်ကျောင်းဆရာအဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။

၁၉၆၁ တွင်အမေရိကန်ပြည်ထောင်စုသို့ လေ့လာရေးခရီးအဖြစ် ၄လသာမျှ သွားရောက်ခဲ့သည်။ ထိုခရီးမှအပြန်တွင် ဂျပန်သို့ဝင်၍ ယူနတ်စကိုအကူအညီဖြင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းများကိုလေ့လာခဲ့သည်။ ၁၉၉၀တွင်အိန္ဒိယနိုင်ငံ ဘုံဘေမြို့အနီး အီဂတ်ပူရိရှိ ဓမ္မဂီရိကုန်းမြေ၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဝိပဿာနာနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ပြီး ဝိပဿာနာဘာဝနာစာတမ်းကို ဖတ်ကြားခဲ့သည်။

၁၉၄၇ မှစ၍ စာနယ်ဇင်းများတွင် ဆောင်းပါး၊ဝတ္ထု၊ ကဗျာများကို အင်္ဂလိပ်၊မြန်မာ ၂ဘာသာဖြင့် ရေးသားသည်။

၁၉၄၇တွင် တာရာမဂ္ဂဇင်း၌ နယ်ပိုင်ဦးထုပ် (ဝတ္ထု)ကို သိန်း(အညာ) ကလောင်အမည်ဖြင့် ရေး၍ စာပေလောကသို့ စတင်ဝင်ရောက်သည်။

၁၉၄၈ တွင်ပဒေသာမဂ္ဂဇင်း၌ ထင်လင်း အမည် စတင်ခံယူသည်။

မဟေသီ (၁၉၅၃)၊ အလီဘာဘာ၏ဂူနှင့်အခြားစုံထောက်ဝတ္ထုများ၏တက္ကသိုလ် ဥပစာတန်း ပြဠာန်းအင်္ဂလိပ်စာ ဘာသာပြန်)၊ မောဂ္ဂလိ(၁၉၇၄)၊ စည်းအပြင်ကလူ(၁၉၇၄)၊ မေတ္တာရှင်မလေးပေါ်လီယာနာ(၁၉၇၄)၊ တကျွန်းစံ၏အပြန်လမ်း(၁၉၇၆)၊ ပလိပ်(၁၉၇၇)၊ အဆိပ်(၁၉၈၁ စသည့်တို့ကိုဘာစာပြန်ခဲ့သည်။

မြစိမ်းရောင်ရင်ခွင်သို့အပြန်(၁၉၇၅)၊ဘယ်ဆီဘယ်ဝယ်(၁၉၇၆)၊ စောင်းကြိုးတင်းသည့်သီချင်းသံဝတ္ထုတိုများ(၁၉၇၇)၊ချစ်သူရင်ခွင်ထက်၌အိပ်စက်ခြင်း(၁၉၄၄)၊ထင်လင်းပုံပြင်(၁၉၉၉)တို့ကို ရေးသားခဲ့သည်။

မောဂ္ဂလိ ဖြင့် ၁၉၄၇ အမျိုးသားစာပေ ဘာသာပြန်စာပေဆု၊ လယ်တောမှအပြန်နျင့်လက်ရွေးစင်ဝတ္ထုတိုများ ဖြင့် ၁၉၉၁တွင် အမျိုးသားစာပေတ္ထုတိုပေါင်းချုပ်ဆု ရရှိခဲ့သည်။

၁၉၉၆ခုနှစ် ဇွန်လ ၃၀ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

3 Reviews



SuSu
8 hours ago

ကျေးဇူးအထူးပါရှင့်

SoeLwin
8 hours ago

Wow အရမ်းဖတ်ချင်နေတာ ကျေးဇူးပါ။

ToeGyi
8 hours ago

ကျေးဇူပါခင်ဗျာ။