BOOK DETAILS
မိတ်ဆက်စကား ( ပထမအကြိမ်-စိတ်ကူးချိုချို )
“ရေမျောကမ်းမဲ့ပွဲတော်” ဝတ္ထုသည် ရှစ်လေးလုံးအရေးတော်ပုံမတိုင်မီ ကလေးနှင့် အရေးတော်ပုံအပြီးကာလ အာဏာသိမ်းစစ်အစိုးရ စတင်လည်ပတ်ချိန် မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့တစ်ဖက်ကမ်း ရနောင်းမြို့၊ စဖန်ပလား ရပ်ကွက်၊ စန်းစိရပ်ကွက်များတွင် သွားရောက်လုပ်ကိုင်စားသောက်နေကြသည့် မြန်မာလူငယ်တွေအကြောင်းဖြစ်သည်။ အရေးတော်ပုံအကြောင်း မပါရှိဘဲ အရေး တော်ပုံပြီးကာလ စစ်အစိုးရ၏ ကနဦးစီးပွားရေးဖော်ဆောင်မှုဖြစ်သော နယ်စပ် ကုန်သွယ်ရေး၊ ပုံမှန်ကုန်သွယ်ရေး၏ ကမောက်ကမများ၊ မသမာမှုများအကြောင်း ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ကုန်သွယ်ရေးမသမာမှုများ၊ ထိုင်းရောက် မြန်မာလုပ်သားများ၏ အတွေ့အကြုံများမှာ ယခုချိန်အထိ အပြောင်းအလဲ သိပ်မရှိတာကို ရေမျောကမ်းမဲ့ကို ပြန်ဖတ်ကြည့်ချိန်တွင် သတိပြုမိသည်။ လက်ရှိအနေအထား၊ အခြေအနေကို ရေးထားသလိုဖြစ်နေသည်ကို တွေ့ရသည်။ ရေမျောကမ်းမဲ့ပွဲတော်ကို ရတီမဂ္ဂဇင်းတွင် စတင်ဖော်ပြချိန်သည် စာပေစိစစ်ရေးရှိနေဆဲဖြစ်ပြီး၊ ရတီမဂ္ဂဇင်းတွင် ၁၃ လ ဖော်ပြရာတွင် ၂ လသာ စိစစ်ရေးက ကင်းလွတ်ခွင့်ရချိန်ဖြစ်ပါသည်။ စာပေစိစစ်ရေးရှိသည်ကို အာရုံမထားဘဲ ရေးခဲ့သည့်ဝတ္ထုလည်း ဖြစ်ပါသည်။ ရတီမဂ္ဂဇင်းတွင် အခန်းဆက်ဖော်ပြပြီးသည့်နောက် ထုံ့ပိုင်းထုံ့ပိုင်း ဖတ်လိုက်ရသည့် ပရိသတ်က လုံးချင်းထုတ်ဝေရန် အကြံပြုကြသည်။ အကြံပြုသည့် ပရိသတ်များအား ကျေးဇူးတင်သလို လုံးချင်းကို ထုတ်ဝေ ဖြန့်ချိပေးသည့် စိတ်ကူးချိုချိုစာပေအား ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။ ကနဦးဖော်ပြခဲ့သည့် ရတီမဂ္ဂဇင်း၊ ရတီမဂ္ဂဇင်းတွင်ဖော်ပြခဲ့ပြီးမှ အခန်းဆက်ဖော်ပြနေသည့် အထက်မြန်မာသတင်းဂျာနယ်၊ စာမူများကို သေချာစွာ စာစီစာရိုက်ပြုလုပ်ပေးသည့် မိုးသူဇာ တို့ကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်ယခုစာအုပ်ကို ဖတ်ရှုကြသည့်ပရိသတ်များအားလည်း ကျေးဇူးစကား ဆိုရင်း ရေမျောကမ်းမဲ့ပွဲတော်ကို ခံစားကြည့်ကြပါဟု ချစ်ခင်လေးမြတ်စွာ မိတ်ဆက်စကားဆိုလိုက်ရပါသည်။
ဒုတိယအကြိမ်အမှာ ( အိပ်မက်အသစ် )
“ရေမျောကမ်းမဲ့ပွဲတော်” လုံးချင်းစာအုပ်ကို ပထမအကြိမ်ထုတ်ဝေစဉ်က ကျွန်တော်ကိုယ်တိုင် စာစစ်ထားပေမယ့် စာအကျအပေါက် အနည်းငယ်ပါသွားတာ ကို စာအုပ်ထွက်လာပြီး ပြန်ဖတ်ကြည့်တော့မှ တွေ့ပါတယ်။ အခု ဒုတိယအကြိမ်မှာ တော့ အဲဒီအကျအပေါက်တွေကို ပြန်လည်ပြင်ဆင်ထားပါတယ်။ ၂ဝ၁၄ ခုနှစ်က စိတ်ကူးချိုချိုကထုတ်ဝေခဲ့တဲ့ “ရေမျောကမ်းမဲ့ပွဲတော်”ဟာ ဈေးကွက်ထဲမှာ မတွေ့သလောက်ရှားသွားပြီ ဖြစ်ပါတယ်။ ဒါဖတ်ပြီးမှ ထိုင်းနိုင်ငံ၊ ရနောင်းမှာ အလုပ်သွားလုပ်ပါလို့ မညွှန်းလိုပေမယ့် ဒီစာအုပ်က ရနောင်းမှာ အလုပ် သွားလုပ်နေကြတဲ့ မြန်မာတွေအချို့ရဲ့ အတွေ့အကြုံတွေအဖြစ် ဖတ်ကြရပါမယ်။ ထိုင်းနိုင်ငံမှာ လုပ်ခပိုရလို့ သွားရောက်လုပ်ကိုင်နေကြတာကို အပြစ်လိုပြောပြီး မတားလိုပါ။ အလုပ်သွားလုပ်တာနဲ့ ကျွန်ခံတာ ကွဲကွဲပြားပြားရှိဖို့ လိုပါတယ်။ “ရေမျောကမ်းမဲ့ပွဲတော်’ထဲက ဇာတ်ကောင်တွေရဲ့ အတွေ့ အကြုံတွေကို ဖတ်ရှုခံစားဆင်ခြင်ကြည့်စေချင်ပါတယ်။
ကျယ်ပြန့်သော အမြင်ဖြင့် အောင်ကြပါစေ. . . .. စိုးဘားဒိုင်
0 Reviews