ဦးရွှေအောင်၏အတ္ထုပ္ပတိအကျဉ်း [ကိုယ်တိုင်ရေး]
ဦးရွှေအောင်ကို ၁၉၂၈ ခု ဇွန်လ ၇ ရက်နေ့တွင် ပဲခူးတိုင်း ကဝမြို့နယ် ဖလေးရွာ၌ဦးစု၊ဒေါ်အုန်းရှင် တို့က ဖွားမြင်သည်။ မွေးချင်း၅ယောက်တို့ တွင် အကြီးဆုံးဖြစ်သည်။ မွေးချင်း ၅ ယောက်တို့တွင် ယောက်ျား၂ ယောက်နှင့် မိန်းမ ၃ ယောက် ပါဝင်သည်။ မိဘများမှာ လယ်သမားများဖြစ်ကြပြီး ဦးရွှေအောင် ငယ်စဉ်ကပင် နှစ်ဦးလုံး ကွယ်လွန်ကြသည်။ အဘိုး အဘွားများနှင့် အတူ နေရသည်။ ၇ နှစ်သားအရွယ်တွင် ဖလေးရွာလယ်ကျောင်း၌ စာပေများကို စတင်သင်ယူသည်။ ၁၃ နှစ်အရွယ်တွင် ရှင်သာမဏေဝတ်၍ ပိဋကစာပေ များကိုဆက်လက်သင်ယူသည်။ ၁၈နှစ်အရွယ်တွင် ပဲခူးမြို့ မဟာဝိသုတာ ရာမကျောင်းသို့ ပြောင်းရွှေ့၍ ပညာသင်ယူသည်။ အသက် ၂ဝ အရွယ်တွင် မဟာဝိသုတာရာမကျောင်း၌ပင် ရဟန်း ဖြစ်သည်။ ရဟန်းဖြစ်သောအခါ ရန်ကုန်မြို့ မင်းမနိုင်ကွက်သစ် သိပ္ပမဉ္ဇူ ကျောင်း၊ အလုံအောင်မင်္ဂလာတိုက်သစ်၊ ဗဟန်း ညောင်တုန်းကျောင်းတိုက်၊ မန္တလေးမြို့ တောင်ပြင်ဘုရားကြီးတိုက် ဆရာတော် ဦးကြယ် ကျောင်းတို့၌ ပညာဆက်လက်သင်ယူသည်။ ၁၉၅၃ခုနှစ်တွင် စေတိယင်္ဂဏဓမ္မာစရိယ၊ သကျသီဟ ဓမ္မာစရိယ (ဝဋံသကာ)၊ အစိုးရ ဓမ္မာစရိယ (သိရောမဏိ) ဘွဲ့တို့ကို ရရှိသည်။ ၁၉၅၄ ခုနှစ်တွင် ဆရာတော် ဦးကြယ် ကျောင်း၌ စာပေများကို ပို့ချသည်။ ၁၉၅၅ ခုနှစ်တွင် ရန်ကုန်မြို့ အိမ်တော်ရာ ဓမ္မရံသီ ကျောင်း၌ စာပေများကို ပို့ချရင်း အင်္ဂလိပ်စာကို သင်ယူရာ ၁၉၅၆ ခုနှစ်တွင် တက္ကသိုလ် ဝင်တန်းကို အောင်မြင်သည်။ ၁၉၅၈ ခုနှစ်တွင် ဥပစာအထက်တန်းကို အောင်မြင်သည်။ ၁၉၅၉ ခုနှစ်တွင် ဆရာဘုန်းကြီး ပျံလွန်တော်မူသဖြင့် ဖလေးရွာ လယ်ကျောင်း၌ ကျောင်းထိုင်သည်။ ထို့နောက် ပဲခူးမြို့ မဟာဝိသုတာ ရာမကျောင်း၌ ကျောင်းထိုင်သည်။ ထိုနှစ် မဟာဝိသုတာရာမကျောင်း၌ ဝါဆိုသည်။ ၁၉၆ဝ ခုနှစ်တွင် ရဟန်းဘဝမှ လူထွက်၍ အစိုးရဝန်ထမ်း အဖြစ် ပြည်သူ့ထောက်ပံ့ရေးအုပ်ချုပ်မှုအဖွဲ့၌ အလုပ်လုပ်သည်။ အလုပ်လုပ်ရင်း သက်ကြီးတက္ကသိုလ်သို့ တက်ရောက်သင်ကြားပြီး စာမေးပွဲ ဖြေရာ ၁၉၆၅ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို ရသည်။ ဝိဇ္ဇာဘွဲ့ အတွက် သင်ယူခဲ့သော ဘာသာ တွဲမှာ ရိုးရိုးသင်္ချာ(Pure maths)၊ အသုံးချသင်္ချာ (Applied maths)နှင့် မြန်မာဝေါဟာရနှင့်စာပေ (Myanmar Language and Literature) တို့ ဖြစ်သည်။ ၁၉၆၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ် သရက်တောရပ်ကွက်(၂)လမ်းနေ ဦးမောင်ဝင်း၊ ဒေါ်နိုင်တို့၏ သမီး ဒေါ်ခင်စိန်နှင့် လက်ထပ်ခဲ့သည်။ သား နှစ်ယောက် ထွန်းကားသည်။ ၁၉၆၈ ခုနှစ်တွင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့သို့ ပြောင်း၍ အမှုထမ်း သည်။ ၁၉၇ဝ ပြည့်နှစ်တွင် ကိုလံဘိုစီမံကိန်း ပညာတော် သင်အဖြစ် အိန္ဒိယ ပြည် ဘုံဘေတက္ကသိုလ်သို့ သွားရောက် ပညာသင် ယူရာထို တက္ကသိုလ်မှ မဟာဝိဇ္ဇာ(သက္ကတ)[LA (Sanskrit)]ဘွဲ့ကို ရရှိခဲ့သည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန သာသနာရေး ဦးစီးဌာန တွင် ဆက်လက် အမှုထမ်းခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာန တွင် ပြင်ပစာစစ်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် သာသာနာရေးဦးစီးဌာန တွဲဖက်ညွှန်ကြားရေးမှူးအဖြစ်မှအငြိမ်းစားယူခဲ့သည်။ ၁၉၉၃ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ သာသနာရေး ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် အဖြစ် ဆောင်ရွက်လျက်ရှိသည်။ အချိန်ရသလို စာပေများကို ရေးသားပြုစုခဲ့ပါသည်။ စာအုပ်အဖြစ်သို့ရောက်ပြီး စာပေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) ရသစာပေ၏ ရသ (၂) အတ္တဝါဒမှ အနတ္တဝါဒသို့ခရီးစဉ် (၃) သိဒ္ဓန္တ ကောမုဒီ (ပ) (၄) ဓမ္မပဒ (ယမကဝဂ်နှင့်ထေရဝါဒအုတ်မြစ်) (၅)ဗုဒ္ဓ (သို့မဟုတ်) အနှိုင်းမဲ့စာအုပ် အဖြစ်သို့ မရောက်သေးသော စာပေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ (၁) သိဒ္ဓန္တ ကောမုဒီ (တ) (၂) ဓမ္မပဒ (အပ္ပမာဒဝဂ်၊ စိတ္တဝဂ်၊ ပုပ္ဖဝဂ်) (၃) စာဖတ်သူများ (၄)ချမ်းသာကို ရှာဖွေခြင်း” (၅)ဘဝအမြင်သစ် ထို့အပြင် ဘာသာရေးမဂ္ဂဇင်းများ၌လည်း အခါအားလျော် စွာ ဆောင်းပါးများကို ရေးသားလျက်ရှိပါသည်။ ယခု ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့ နယ် သရက်တော ရပ်ကွက်(၂)လမ်း အိမ်အမှတ် ၁၀၂ တွင် ဇနီး ဒေါ်ခင်စိန်နှင့်အတူ နေထိုင်လျက်ရှိပါသည်။“ ရွှေအောင် ၂၇-၁၁-၉၃
ဆရာကြီး ဦးရွှေအောင်သည် ၂၂ ဒီဇင်ဘာ ၁၉၉၄ တွင် ကွယ်လွန်သည်။
ပဋ္ဌာန်းမြတ်ဒေသနာ
အမြင်များပြောင်းလဲခြင်းနှင့် အတွေးအမြင်စာစုများ
ပျော်ရွှင်ဖို့လိုအပ်တဲ့သတ္တိ
မမရေချယ်
0 Reviews