BOOK DETAILS
ရိုးမပေါ်မှာကျတဲ့မျက်ရည် တင်ညွန့်
ကျောင်းဆရာဘဝကို မြတ်နိုးသူတစ်ဦး၏ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရသည့် ပညာရေးခယောင်းတောလမ်းမှ ပညာရေးလုပ်ငန်းနှင့် တပည့်များကြောင်းကို အတွေ့အကြုံအခြေခံရေးဖွဲ့ထားတဲ့ ရသဝတ္ထုစာအုပ်ဖြစ်ပါတယ်။
“ဆရာတစ်ယောက်ရဲ့ ခံယူချက်၊ရပ်တည်ချက်၊ ကိုယ်ကျိုးမပါသော လုပ်ဆောင်ချက်များ နှင့် Background ခံရေးဖွဲ့ထားသော ဝတ္ထု၏ ရသခံစားကျည်ဆန်များနှင့် ကျွန်တော့်ကို တရာစပ်ပစ်ခပ်သွားခဲ့သည်။
စရိုက်ကြမ်းသော၊ အသိတရားကင်းမဲ့သော၊အရက်နှင့် ဘဝတစ်ခုလုံး နှစ်ထားသော၊ကလေးတွေကို ပညာသင်ပေးကောင်းမှန်းမသိသော၊ ကျောင်းထားပေးကောင်းမှန်းမသိသော၊ဆရာက ဆရာနှင့် မတူသော၊မိဘက မိဘနှင့်မတူသော ပတ်ဝန်းကျင်ဆိုးနှင့် ကလေးတွေရဲ့ဆရာကို မျက်နှာချင်းဆိုင်ပေးလိုက်သောအခါ ရိုးမပေါ်မှာကျတဲ့မျက်ရည် ဝတ္ထုဖြစ်လာသည်…” (ဆရာချိန်(ပဲခူး) အမှာစာမှ)
အဓိကဇာတ်ကောင် ဆရာတင်မောင်ဝင်း၏ ပညာရေးအပေါ်၊ ကလေးတွေအပေါ်၊ ကျေးရွာအပေါ်ထားသည့် ခံယူချက်သဘောထား၊မဟုတ်မခံ လောကဓံကိုအရှုံးအပေးပဲ အရည်အချင်းနှင့် လိုချင်တာ ဖြစ်ချင်တာကိုရအောင်တိုက်ယူခဲ့သူတစ်ဦး၏ ဘဝမုန်တိုင်း ပညာရေးဘဝဖြတ်သန်းမှုများကို လေးနက်သည့် ဇာတ်အိမ်အရေးအဖွဲ့များကြား တသသဖတ်ရှုရမည့် ဝတ္ထုကောင်းတစ်ပုဒ်လို့ ဆိုညွှန်းပါရစေ…
တချို့သော စာအုပ်တွေက ရုပ်ရှင်ဇာတ်ကားကို ကြည့်ပြီးတော့မှ ဖတ်ချင်စိတ်ပေါ်လာတတ်ပါတယ်။ ဒီလိုစာအုပ်တွေထဲမှာ အခုစာအုပ်လည်း အပါအဝင်ပါပဲ။ ဒီစာအုပ်ကတော့ ဆရာတင်ညွန့်ရေးတဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ပဲဖြစ်ပါတယ်။ ဒီစာအုပ်ကို မောက္ခစာအုပ်တိုက်က ထုတ်ဝေတာဖြစ်ပြီးတော့ စာမျက်နှာ ၃၁၀ ပါဝင်ပါတယ်။
ဒီစာအုပ်လေးက ပဲခူးရိုးမထဲက ရှိမ်းခါးဆိုတဲ့ရွာလေးက စာသင်ကျောင်းလေးကို စာသင်ကြားဖို့ ရောက်လာတဲ့ ကျောင်းဆရာလေး တစ်ယောက်အကြောင်းကို ဖွဲ့ဆိုထားတာ ဖြစ်ပါတယ်။
ကျွန်တော်တို့လူ့ဘဝတွေမှာ တစ်ချို့က ငွေကြေးအတွက်၊ တစ်ချို့က ဂုဏ်အတွက်၊ တချို့က အများသူငါ အတွက် အလုပ်တွေ လုပ်ဆောင်ကြပါတယ်။ ဒီထဲက အဓိက ဇာတ်ဆောင် ကျောင်းဆရာလေးကရော ဘယ်လိုလူမျိုးလည်းဆိုတာ စာဖတ်သူတွေ သေချာမြင်တွေ့ ခံစားလို့ရလောက်အောင် စာရေးသူရဲ့ အရေးအသားက စွဲဆောင်မှုရှိလှပါတယ်။
ဒါအပြင့် လောကဇာတ်ခုံမှာ တချို့လူတွေက အပြောကြမ်းပေမယ့် စေတနာ၊ မေတ္တာကောင်းမွန် ပြည့်ဝတဲ့လူတွေ ရှိသလို၊ တချို့ကလည်း ကိုယ့်အတွက်သာလျင် ကြည့်တတ်၊ တွက်တတ်ပါလားဆိုတာကိုလည်း ဒီဝတ္ထုထဲက ဇာတ်ကောင်တွေက ဖော်ညွှန်းပြသနေပါတယ်။
ဒီဇာတ်လမ်းကို အခြေတည်တဲ့ခေတ်ကာလက ပါတီကာလဆိုတော့ ၁၉၆၀ ဝန်းကျင်ခေတ်ကာလတွေလို့ ယူဆမိပါတယ်။ ဒါပေမယ့် အခုချိန်ထိ ကျွန်တော်တို့ရဲ့ အခြေခံပညာရေးအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးပါလားလို့ ဒီစာအုပ်လေးကို ဖတ်ရင်းနဲ့ အတွေးနယ်ချဲ့မိပါတယ်။
အချိန်ရှားပါးလှတဲ့ ဒီလိုခေတ်ထဲမှာ ဒီစာအုပ်လေးက စာချစ်သူတွေအတွက် အချိန်ပေးရကျိုးနပ်စေမယ့် စာအုပ်လေးဖြစ်မှာ အသေအချာပါပဲ။ ဖတ်ဖြစ်အောင် ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ် ခင်ဗျာ။
1 Review
Victor S.
1 week agoBest EBook⭐⭐⭐⭐⭐ အချစ်ဝတ္ထုမဟုတ်ပဲ ဒီလိုစာအုပ်မျိုး များများတင်ပေးပါ Thank You