BOOK DETAILS
အမှာနှင့် ဝန်ခံချက်
ကျွန်တော့်အသက် ၂၇ နှစ် မတိုင်ခင်ကပင် ဂီတနက်သန် ကိုစောညိန်းသီချင်းများကို နှစ်သက်ခဲ့ရဖူးသည်။ မိုးသက်လေနှင် သီချင်း တွင် “ချစ်တဲ့သူရဲ့ရင်ခွင် ဒီမိုးမှောင်တုန်း မောင်ပုန်းပါရစေ ခင်” ဟု သူ ပြောသည့်အခါ၊ ဒီလူနှယ် ယောက်ျားတန်မဲ့ အားငယ်တတ်ရန်ကော ဟု ကျွန်တော်ကပင် အပြစ်တင်လိုက်မိသေးသည် ။
သိပ်မကြာခင်မှာပဲ ကျွန်တော်လည်း ရင်ခွင်ကျယ်ပျောက်ဆုံး ခြင်းဝဋ်နာကံနာကို ခံစားရသောအခါမှ သူ့ကို စာနာ နားလည်လာမိပါ သည်။ “ပြိုမှာလေလား မိုးရဲ့” ဆိုသော ကိုစောညိန်း၏ သီချင်းစာသား များနှင့် တုန်တုန်ရင်ရင် ကြောက်နေရှာသည့် လူငယ်လေးတစ်ယောက် ကိုတချို့တလေ တွေ့ဖူးလိုက်ကြမည် ထင်သည်။
ကိုစောညိန်း ၂၇ နှစ်အရွယ်တွင် ကတ်ကျေးဖြင့် ထိုး၍ အသတ် ခံခဲ့ရကြောင်း၊ တချို့ကလည်းအရက်မူးနေကြသောမြင်းလှည်းသမားများ ဝိုင်းရိုက်တာ ခံရပြီး သေဆုံးသွားရကြောင်း၊ စာအုပ်အဟောင်းများမှာ ဖတ်ဖူးလိုက်စဉ်က ကျွန်တော်လည်း ၂၇ နှစ် ပြည့်ခဲ့ပါပြီ။ သူ့ညီနှင့် လူမှား ပြီး အသတ်ခံရတာဟုလည်း ဆိုကြပါသည်။ ထိုသို့ဖြင့် ပွင့်ဦးသီချင်းကို စတင်သိရှိခဲ့ခြင်းလည်း ဖြစ်သည်။
နောက်ပိုင်း သူ့အကြောင်းတွေ တို့စိ တို့စိ ဟိုနေရာမှာ ဖတ်ရ၊ ဒီနေရာမှာနားထောင်ရ။ တစ်ခါတစ်ခါ ဂီတသမားများထံမှ။ တစ်ခါတလေ ကဗျာသမားများထံမှ။ တစ်ခါတစ်ခါတော့ နိုင်ငံရေး အကျဉ်းသားအိုကြီး များနှင့် ရှေ့မီနောက်မီ အသိုင်းဝိုင်းထံမှ။ နွေနှောင်းဝသန်သီချင်းကို ဒဂုန်တာရာ ရေးတာ၊ ကိုစောညိန်း ရေးတာဟု အငြင်းအခုံပွဲများလည်း ဖတ်ခဲ့ ကြားခဲ့ရဖူးသည်။ ဒီတစ်ခုကိုဖြင့် ကျွန်တော် သိပ်ပြီး စိတ်မဝင်စား လှ။ နွေနှောင်းဝသန်ကို မရေးခဲ့လျှင်လည်း ကိုစောညိန်းသည် ကိုစော ညိန်းသာ ဖြစ်နေပါလိမ့်မည်။
တခြားအရာများထက် တကယ်တမ်း ကျွန်တော်ခြောက်ခြား ကြောက်လန့်နေတတ်သည်က ကျွန်တော့်နောက်ကို တကောက် ကောက် လိုက်နေတတ်သည်က “ပွင့်ဦး” သီချင်းသာလျှင် ဖြစ်သည်။ ကျွန်တော့်ကို ကယ်တင်ဖို့ ဘယ်သူ့ကိုမှ မအော်မခေါ်နိုင်အောင် ဖြစ်ရ သည်အထိ သိမ်းပိုက် သွားပါသော ပန်းတစ်ပွင့်။ ပွင့်ဦး ဟု မျက်ရည်စက် လက် ဆိုရပါမည်။ ပွင့်ဦးသည် ကိုစောညိန်း ရေးသားခဲ့သည့် သီချင်း တစ်ပုဒ်သာလျှင် ဖြစ်ပါသည် ။ ထိုနေ့က ကောင်းကင်ကြီး ပြာကောင်း ပြာနေနိုင်ပါသည်။ ထိုနေ့က သပြေရွက်စိမ်းများပေါ်ကန်လေပြေ တစ်ချက်နှစ်ချက်မျှ တိုက် ခတ်ကောင်း တိုက်ခတ်သွားပါလိမ့်မည်။ ထိုနေ့က စိမ်းကြည်နေသော ကန်ရေပြင်ကို ကြည့်ရင်း အကြောင်းမရှိ အကြောင်းရှာ ဥဩငှက်လေး တစ်ကောင်တလေက သူ့အသံကိုသူ ပြန်စစ်ကောင်း စစ်နေနိုင်ပါသည်။ ထိုနေ့က ဖြစ်ပါသည်။ သီချင်းတွေကို ချစ်တတ်သော မြေလတ်ဒေသမှ “မေ” သည် ချစ်သော ဂီတနက်သန် ဆရာလေးနှင့် တွေ့ဆုံရန် ရန်ကုန်မြို့ သို့ ရောက်ရှိလာခဲ့ပါသည်။ ထိုနေ့က မေသည် ကြံရည်ရောင် ဖိနပ်လေး နှင့်လည်း ဖြစ်နိုင်ပါသည်။
ကိုစောညိန်းနှင့် မေသည် တစ်ယောက်နှင့် တစ်ယောက် စာချင်းသာ ဆက်သွယ်ဖူးပြီး လူချင်း ပထမဦးဆုံး တွေ့ကြမယ်ဟု ချိန်းဆို ဖြစ်ကြသည်မှာလည်း ထိုနေ့ကပင် ဖြစ်ပါသည်။ မေ့အတွက် ရေးထား သည့် သီချင်းအသစ်လေး တစ်ပုဒ်ကို အိတ်ထောင်ထဲ ထည့်ရင်း မမြင်ဖူး သည့် ချစ်သူကို ရှာဖွေနေခဲ့သည့် လူငယ်လေးတစ်ယောက်၏ ထိုနေ့က လည်း ဖြစ်နိုင်ပါလိမ့်မည်။ သီချင်းတစ်ပုဒ်အဖြစ်မှ ကျိန်စာတစ်ခုအဖြစ် သို့လျှောကျငိုကြွေးသွားရသော ထိုနေ့ကလည်း ဖြစ်ပါသည်။
ကိုစောညိန်း အသတ်ခံခဲ့ရသော ထိုနေ့က ဘယ်တော့မှ ရောက်မလာနိုင်တော့မည့် သူကို မြေလတ်မြို့သူလေးတစ်ယောက် ဘယ် အချိန်ထိ စောင့်နေသေးလဲ ဆိုတာတော့ ဒီနေ့အထိ ကျွန်တော်မသိပါ။ သူတို့လွဲခဲ့ကြပုံ ဇာတ်လမ်းက ကျွန်တော့်အဖို့ရာမှာ ပြာပဲ ပြာနိုင်လွန်းနေ ခဲ့သည်။ ပွင့်ဦးသီချင်းကို အကြိမ်အရေတွက်များစွာ ကျွန်တော် ဆိုဖြစ်ခဲ့ ဖူးပါသည်။ သိုင်းနှင့် ဝိုင်းနှင့်၊ ဋ္ဌာန်နှင့်မာန်နှင့်။ တစ်ခါတလေတစ်ယောက် တည်း ဆတ်သွားဖူးတောတန်းလေးဘေးက ပင်လယ်ကမ်းစပ်မှာ၊ တစ်ခါ တလေ ငဝန်မြစ်ရိုးတလျှောက်မှာ၊ တစ်ခါတစ်ခါဗိုလ်တထောင်ဆိပ်ကမ်း ဘေးက အကြမ်းလည်းရ အချောလည်းရသည့် နေရီရီဆိုင်လေးတွေမှာ။ သို့သော်
“စပယ်ဖြူ တုံးခါမှ ခင်ဖုန်းသက်ဝေ ရယ်၊ ဘယ်စိတ်လည်လို့ ပေါ်လာပြန်တယ်” ဆိုသော စာသားနေရာ ရောက်လျှင် ကျွန်တော် ဆက် မဆိုဖြစ်တော့။ ထိုနေ့အကြောင်းကို သိပြီးချိန်မှ စ၍ နေ့စဉ်ရက်ဆက် ထိုနေရာ ရောက်လျှင် ဟိုလိုလို ဒီလိုလိုအကြောင်းပြ၍ ကျွန်တော် ရပ်ပစ် လိုက်မိသည်ချည်း။ သွေးတွေ ပေကျံနေသော သီချင်းများနှင့်တစ်ဘဝစာ အလွဲကြီး လွဲခဲ့ကြသူ နှစ်ယောက်ကို အားနာလွန်း၍ဖြစ်ပါသည်။ “သီတိုင်း သာမယ် မထင်လိုက်ပါနဲ့” ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ၂ဝ၂ဝ
ဝန်ခံချက်
ခင်ဖုန်းသက်ဝေဆိုသည့်အမည်မှာဂီတနက်သန်ကိုစောညိန်း ၏ ပွင့်ဦးသီချင်းမှ စာသားတချို့ကို နာမည်တစ်ခုအဖြစ် ယူငင် အသုံးပြု ထားခြင်း ဖြစ်ပြီး ကဗျာတွင် ပါဝင်သော အကြောင်းအရာများကတော့ ကျွန်တော့်ကိစ္စနှင့် ကျွန်တော်သာ ဖြစ်ပါသည်။ သန်းတင့်
0 Reviews