BOOK DETAILS
အချစ်၏နောက်ဆက်တွဲစာမျက်နှာ မြသန်းတင့်၏ အမှာ
ကိုယ်ရယ်၊ ဆရာမရယ်၊ ခုတင်ကြီးရယ် ...″
ဝင်းဝင်းလတ်က သူ့ဝတ္ထုကို အမှာရေးပေးဖို့ ပြောသည့်အခါ ကျွန်တော်သည် ထိုစကားလုံးလေး များကို ချက်ချင်း အမှတ်ရလိုက်သည်။
လွန်ခဲ့သော ဆယ့်ငါးနှစ်လောက်က ရှုမဝမဂ္ဂဇင်းတွင် မဂ္ဂဇင်းဝတ္ထုရှည်တစ်ပုဒ်ကို ဖတ်လိုက်ရသည်။ ဝတ္ထုအမည်မှာ စလူရွက်ဖြူ လက်ကယ်ကိုင်မိလို့″ဟု ထင်သည်။ ရေးသူမှာ ဝင်းဝင်းလတ်။
ဝင်းဝင်းလတ်ဆိုသည့် ကလောင်အမည်ကို ကျွန်တော် မကြားဖူးသေး။ သူ့ဝတ္ထုကို ဖတ်ဖူးဖို့ ဆိုသည်မှာ အဝေးကြီး။ သူ့ဝတ္ထုမှာ ရန်ကုန်မြို့ထဲတွင်နေသည့် ဆမ လက်မှတ်ရခါစ ဆရာဝန်မလေး မြို့စွန် (ဥက္ကလာပလား၊ သာကေတလား မသိ)သို့ သွား၍ ဆေးခန်းထိုင်ရသည့်အကြောင်းဖြစ်သည်။ ဆေးခန်းထိုင်ချိန် ကလည်း မနက်ခင်းတို့ နေ့လယ်တို့စသည့် အသွားအလာလွယ်ကူသည့် အချိန်မျိုးမဟုတ်။ အသွားအလာ ခက်သည့် အချိန်ဖြစ်သည်။ သူမ နေထိုင်ရာ ရန်ကုန်မြို့လယ်ကောင် လမ်းတစ်လျှောက်မှ ဘတ်(စ်)ကား အတန်တန်စီး၍ သွားရသည်။ ဆေးခန်းရောက်တော့ ဆရာဝန်မပေါက်စကလေးမို့ အားမကိုးကြ။ အားကိုး တကြီးနှင့် လာသူများမှာလည်း ပဲပြုတ်သည်၊ ဆိုက်ကားသမား၊ ပန်းရန်နောက်လိုက်၊ မဆလာသယ် စသည့် လက်လုပ်လက်စား ဆင်းရဲသားများသာ ဖြစ်သည်။ သူတို့ကျတော့ ပိုက်ဆံမတတ်နိုင်ကြ။ တစ်ခါတစ်လေ အခမဲ့ ကုပေးလိုက်ရသည်။ မြို့လယ်နှင့် မြို့စွန်ဆိုတော့ ဘတ်(စ်)ကားအတန်တန်ဖြင့် အသွားရ အလာရ ခက်သည်။ ည ၉-နာရီလောက် ပြန်လျှင် လမ်းတွင် အမူးသမားတွေ၊ လူရှုပ်လူပွေတွေ၏ အန္တရာယ်တွေလည်း ကြောက်ရသေးသည့်။ အထူးသဖြင့် မိုးတွင်းမှာ အဆိုးဆုံးဖြစ်သည်။ မိုးတွေလေတွေထဲမှာ ညကြီးအချိန်မတော် အိမ်ပြန်ရသည်။ အိမ်မှာ အိမ်ဖော်မကလေးရှိတုန်းကတော့ သူ့ကို ခေါ်သွားရသည်။ အိမ်ဖော်မလေး မရှိသည့် အခါတွင် ပင်စင်စား အဖေကြီးက လိုက်ပို့ရသည်။
စလူရွက်″ထဲမှ ဆရာဝန်မလေးသည် နေ့လယ်တွင်လည်း ရွှေဘုံသာလမ်းက ဆေးခန်းတစ်ခန်းမှာ သွားထိုင်ပါသည်။ သူများဖွင့်ထားသည့် ဆေးတိုက်တွင် ကော်မရှင်စားဖြင့် ဝင်လုပ်ရခြင်းဖြစ်သည်။ အထူးကု ဆိုင်းဘုတ်တွေ ကြားထဲတွင် သူ့ဆိုင်းဘုတ်ကလေးသည် မျက်နှာငယ်နေသည်။ ညနေ အထူးကုဆရာဝန် ကြီးတွေ လာသည့်အခါ ဆေးခန်းတွင် လူတွေ တန်းစီနေသည်။ တိုကင်နံပါတ်ပြားတွေ အစောကြီး ယူကြ ရသည်။ သို့ရာတွင် နေ့လည်ပိုင်း သူ့အချိန်တွင် သူမဆေးခန်း၌ လူတစ်ယောက်မျှ မရှိ။ ကိုယ်ရယ်၊ ဆရာမရယ်၊ ခုတင်ကြီးရယ် ဒါပဲရှိသည်။
ကျွန်တော်သည် ဝင်းဝင်းလတ်၏ စလူရွက်″ထဲမှ ဆေးကျောင်းဆင်းခါစ ဆရာဝန်မလေး၏ဘဝကို ဖတ်ပြီး မောဟိုက်သွားသည်။
ကျွန်တော့် ဆွေမျိုးသားချင်းများ၊ ကျွန်တော့် အသိမိတ်ဆွေများထဲတွင် စလူရွက်″ထဲက ဆရာဝန်မ လေးလို ဆေးကျောင်းဆင်းခါစ ဆေးခန်းဖွင့်နေသူတွေ အများကြီးရှိသည်။ သူတို့က သူတို့ အခက်အခဲ၊ သူတို့ ပြဿနာကို ရင်ဖွင့်ကြသည်။ သို့ရာတွင် ဝင်းဝင်းလတ်၏ စလူရွက်″ကို မဖတ်မီအထိ သူတို့ပြဿနာများကို အလေးအနက် မထားမိခဲ့ပါ။ ဝင်းဝင်းလတ်၏ စလူရွက်″ ကို ဖတ်ပြီးသည့်အခါတွင်မူ ကျွန်တော်သည် သူတို့ဘဝကို ပို၍စာနာ တတ်သွားပါသည်။
ထို့နောက်မှ ကျွန်တော်သည် ဝင်းဝင်းလတ်၏ ဝတ္ထုတိုကလေးများကို ဖတ်ဖြစ်သွားသည်။ သို့ရာတွင် ဝင်းဝင်းလတ်သည် စာသိပ်ရေးဖြစ်ဟန် မတူ။ တစ်ခါတစ်ရံမှသာ ဖြတ်ရသည်။ လူချင်း မသိသဖြင့် ဘယ်ရောက် နေသည်ကိုလည်း သတိမထားမိ။ ရခိုင်ပြည်နယ် စစ်တွေမှာလိုလို သူ့သတင်းကို ဝိုးတိုးဝါးတားသာ ကျွန်တော် ကြားရသည်။ သူ့စာတွေကို မတွေ့သဖြင့် မိတ်ဆွေ အယ်ဒီတာများကို မေးရာမှ ဝိုးတိုးဝါးတား သိရခြင်း ဖြစ်သည်။ သူတို့ကိုယ်တိုင်ကလည်း သိပ်မသေချာ။
လွန်ခဲ့သည့် သုံးလေးနှစ်ကတော့ ကချင်ပြည်နယ်ကို စာဆိုတော် ဟောပြောပွဲ တာဝန်ဖြင့် ရောက်သွား သည်။ ဟိုပင်သို့ အရောက်တွင် ဟိုပင်ဆေးရုံအုပ်အဖြစ် ခေတ္တအမှုထမ်းနေသည့် ဝင်းဝင်းလတ်က ဟောပြောပွဲသို့ လာပြီး ထမင်းစားဖိတ်သည်။ ဤညက မိုးညှင်းတွင် ရှိနေသည့် ဒေါက်တာစိုးထွဋ်က ဖိတ်ထား သဖြင့် ဟိုပင်တွင် ထမင်းစားချိန်မရ။ ထမင်းစားချိန် မရလျှင် လက်ဖက်ရည်သောက်သွားပါဟု ဖိတ်ပြန်သည်။ ကျွန်တော်တို့က အင်းတော်ကြီးမှအပြန် ညနေ ၆-နာရီလောက်တွင် ဝင်မည်ဟု ချိန်းခဲ့သည်။
သို့ရာတွင် ထုံးစံအတိုင်း ကျွန်တော်တို့သည် အချိန်မှန် ရောက်မသွားကြပါ။ ည ၈-နာရီလောက်မှ ဟိုပင်သို့ ပြန်ရောက်ခဲ့ကြသည်။ ဆေးရုံဝင်းထဲကို ဝင်တော့ ဝင်းဝင်းလတ် မရှိတော့။ ကျွန်တော်တို့ကို ၂-နာရီခန့် စောင့်နေကြောင်း၊ ကျွန်တော်တို့အတွက် လက်ဆောင်ပစ္စည်း ထားခဲ့ကြောင်းဖြင့် ဆေးရုံတွင် ကျန်ရစ်ခဲ့သည် ဆရာမများက ပြောပြသည်။
ကျွန်တော် ထိုခရီးအကြောင်းကို ရေးသည့် ဆောင်းပါးတစ်ပုဒ်ထဲတွင် ကျွန်တော်တို့ နောက်ကျ ရသည်ကို ခွင့်လွှတ်ပါရန် ဝင်းဝင်းလတ်အား တောင်းပန်ရသည်။ သူ့ကိုလည်း မတွေ့ခဲ့ရ။ သူ့စာများကိုလည်း သိပ်မဖတ်ရ။
မနှစ်ကတော့ မဟေသီ″တွင် ဝင်းဝင်းလတ်၏ အခန်းဆက် ဝတ္ထုရှည်ကို တွေ့လိုက်ရသဖြင့် ကျွန်တော် ဝမ်းသာသွားသည်။ သို့ရာတွင် ကောင်းကောင်း မဖတ်ဖြစ်ခဲ့ပါ။ အခန်းဆက်ဆိုတော့ ဖတ်ဖြစ်သည့်အခါရှိသလို မဖတ်ဖြစ်သည့် အခါတွေလည်း ရှိသည်။ စာအုပ်ထွက်မှ ဖတ်ဖြစ်တော့မယ်လေ။
သို့ရာတွင် ကျွန်တော်သည် စာအုပ်မထွက်မီ မဂ္ဂဇင်းတွင် အခန်းဆက် ဝတ္ထုရှည်အဖြစ် မပြီးဆုံးမီ ဝင်းဝင်းလတ်၏ အချစ်၏ နောက်ဆက်တွဲစာမျက်နှာ″ကို ဖတ်ခွင့်ကြုံသည်။
ဝင်းဝင်းလတ်၏ အချစ်၏ နောက်ဆက်တွဲစာမျက်နှာ″သည် စစချင်း စာဖတ်သူကို ဆွဲခေါ်သွား၏။ သူ ဇာတ်လမ်းကို ဖွင့်ပုံက စိတ်ဝင်စားစရာ။ မြေလတ်မြို့ကလေးတစ်မြို့မှ ဆရာဝန်မချောချောကလေး ခင်ဦးနွယ် (ခွဲစိတ်မှုဆရာဝန်မကလေး)၏ ရုပ်ပုံလွှာ။ အသက်ငယ်ငယ်ကလေးဖြင့် တစ်ခုလပ်ဖြစ်ခဲ့ရသည်။ သူ့ခင်ပွန်း ဟောင်းက ဒေါက်တာအောင်သူရ။ သူတို့နှစ်ဦး ဘာကြောင့် ကွဲကွာသွားရသလဲ။ နှစ်ယောက်စလုံး ဆရာဝန်တွေ၊ လူငယ်တွေ။ အသက် ၃၀-ကျော်တစ်ဝိုက်မှာသာ ရှိကြသေးသည်။ ဘယ်လောက် လွမ်းစရာ ကောင်းသနည်း။ သူတို့နှစ်ယောက်မှာ ချစ်စရာကောင်းသည့် စည်သူနှင့် ညီသူဆိုသည့် သားကလေးနှစ်ယောက်ရှိသည်။ ဘယ်လောက် အဆင်ပြေတဲ့ဘဝလဲ။
သို့ရာတွင် ဝင်းဝင်းလတ်သည် သူ့ဝတ္ထုကို ပြဿနာနှင့် စဖွင့်လေသည်။ သူတို့နှစ်ယောက် ဘာကြောင့် ကွဲကွာသွားခဲ့ရသလဲ။ ဘယ်သူ့အပြစ်လဲ။ ခင်ဦးနွယ်အပြစ်လား၊ အောင်သူရအပြစ်လား။ အမေနှင့်အတူ လိုက်နေ သည့် ကလေးတွေကကော သူတို့ကို စွန့်ပစ်သွားသည့်အဖေကို ဘာကြောင့် တွယ်တာနေရသေးသလဲ။
ဝင်းဝင်းလတ်သည် ခင်ဦးနွယ်၏ ပုဂ္ဂိုလ်ရေးရာဘဝ တစ်စိတ်တစ်ပိုင်းကို ခပ်မြန်မြန် ပြည်ဖုံးကား ချပစ်လိုက်ပြီး သူ၏ လူမှုဆက်ဆံရေးဘဝ၊ သူ၏ လုပ်ငန်းခွင်ထဲသို့ စာဖတ်သူကို ခေါ်သွားသည်။ စာဖတ် ပရိသတ်မှာ ခင်ဦးနွယ်အကြောင်းကို သိချင်နေဆဲ။ ဘာမျှ ရေရေရာရာ မသိလိုက်ရဘဲ ခင်ဦးနွယ်၏ ဆေးရုံခန်း ထဲသို့ ရောက်သွားသဖြင့် စိတ်ပျက်သွားရသည်။ မချင့်မရဲဖြင့် လိုက်သွားခဲ့ရသည်။
သို့ရာတွင် ဝင်းဝင်းလတ်သည် စာဖတ်ပရိသတ်အာရုံကို နောက်ရှုခင်းများဖြင့် ဖမ်းစားထားလိုက်ဖြစ် ပါသည်။ သီရေတာထဲက လူနာဦးမြမောင်၊ လူကြီးလူကောင်းပီသသည့် ဆေးရုံအုပ်ကြီး ဦးအောင်မြင်၊ မနာလို၍ မထိတထိပြောတတ်သည့် လုပ်ဖော်ကိုင်ဖက် ဒေါက်တာမူယာတင်၊ သဘောကောင်းသည့် သူနာပြု ဆရာမများ၊ ပြီးတော့ ယမကာလေး တမြမြနှင့် ဒေါက်တာယဉ်မျိုး၊ ပြီးတော့ လက်ထောက်ဆရာဝန် သက်ဇော်နိုင်။
ဝင်းဝင်းလတ်သည် လူ့စရိုက်ဖွဲ့ရာတွင် ပီပြင်သည်။ ဥပမာ ဒေါက်တာယဉ်မျိုး၏ စရိုက် ဆိုပါတော့။ ဒေါက်တာယဉ်မျိုးက လူပျိုကြီး။ အရက်ကြိုက်သည်။ တစ်ဖက်သားကို အထင်သေး တတ်သည်။ အထူးသဖြင့် မိန်းမဆို ပို၍အထင်သေးသည်။
မိန်းမဟာ မိန်းမပီသရမယ်။ မိန်းမပီရမယ်ဆိုတာ အတွေး တိမ်ရမယ်။ သဘောထား သေးသိမ်ရမယ်။ မာယာများရတယ်။ ကောက်ကျစ်ရမယ်။ စပ်စုရမယ်။ အတင်းအဖျင်းပြောရမယ်။ မိန်းမဖြစ်ပြီး သိပ်မြင့်မြတ်နေ ချင်လို့ မရဘူး။ သိပ်ထူးချွန် ပြောင်မြောက်ချင်နေတာမျိုးက အမြင်မတော်ဘူး။ သူ့(ခင်ဦးနွယ်)မှာ မိန်းမပီသတာ ဆိုလို့ လှတာရယ်၊ သားတွေရဲ့အမေ ဖြစ်တာရယ် ဒါပဲရှိတယ်″ (ဒေါက်တာယဉ်မျိုး)
သူ့အမြင်သည် နည်းနည်းတော့ ရုပ်ကြမ်းဆန်သည်။ သို့ရာတွင် ထိုအမြင်မျိုးသည် လက်တွေ့ကျ၍ နှလုံးသား အေးစက်သည့် ယောက်ျားများတွင် တွေ့ရတတ်သည့်အမြင်မျိုးဖြစ်သည်။
ဝမ်းဗိုက်ထဲမှာ အူအတက်ဟာ အပိုပဲ။ လူကို ဒုက္ခပေးဖို့ စောင့်နေတာ။ ယောက်ျားတွေနဲ့ အတူတူပဲ″ (ခင်ဦးနွယ်)
ခင်ဦးနွယ်ကတော့ ယောက်ျားတွေကို စိတ်နာနာနှင့် ဆိုခဲ့သည်။ ဆေးကျောင်းတောင် မပြီးသေး။ ပထမနှစ်မှာ အောင်သူရနှင့် အိမ်ထောင်ကျခဲ့ပြီး ကွဲသွားခဲ့ကြသည်။ အောင်သူရက မေသန္တာဆိုသည့် မိန်းကလေးတစ်ယောက်နှင့် လက်ထပ်သွားခဲ့သည်။ သူကလည်း ကွာရှင်းပေးခဲ့သည်။
သက်ဇော်နိုင်ကတော့ ခင်ဦးနွယ်ထက် ငယ်သည်။ ဒေါက်တာယဉ်မျိုး ထက်လည်း ငယ်သည်။ စိတ်ကူး ယဉ်သည်။ ခင်ဦးနွယ်၏ မေတ္တာကို လိုချင်သည်။ ခင်ဦးနွယ်ကလည်း ရိပ်စားမိသည်။ သို့ရာတွင် ပြဿနာက မလွယ်ပါ။
သားနှစ်ယောက် ဖြစ်သည့် စည်သူတို့ ညီသူတို့က အမေ့ကို စိတ်မချနိုင်အောင် ဖြစ်ခဲ့ကြသည်။ သက်ဇော်နိုင်ကိုလည်း သံသယရှိကြသည်။ ဤတွင် ကလေးတွေနှင့် အမေ ပဋိပက္ခ၊ သားအကြီးနှင့် သက်ဇော်နိုင် ပဋိပက္ခ၊ သူတို့နှစ်ယောက်နှင့် ပတ်ဝန်းကျင်၏ ပဋိပက္ခတို့ တစ်ရစ်ပြီးတစ်ရစ် ပေါ်လာကြသည်။
စည်သူ ဆယ်တန်းဖြေအပြီးတွင်လား မသိ၊ လူရမ်းကားများနှင့် ရန်ဖြစ်သည်။ သက်ဇော်နိုင်က ကလေးတွေကို ဝင်ကယ်သဖြင့် သက်ဇော်နိုင် ဓားထိုးခံရပြီး ခွဲစိတ်ကုသမှုလုပ်ရသည်။
ပြဿနာတွေ ယှက်လိမ်နေစဉ် သူတို့နှစ်ယောက် (သက်ဇော်နိုင်နှင့် ခင်ဦးနွယ်)တို့ လူနာရှင်တစ်ဦး၏ တိုင်ကြားချက်အရ ပေါ့လျော့မှုဖြင့် အထက်မှ စုံစမ်းစစ်ဆေးခြင်းခံရသည်။
ခင်ပွန်းဟောင်း ဦးအောင်သူရ အရောက်၊ သက်ဇော်နိုင် ဓားထိုးခံရပြီး ခွဲစိတ်ပြီးခါစ အချိန်၊ သား နှစ်ယောက် အမေ့ကို ဆန့်ကျင်ခဲ့မိသည့် အမှားအတွက် နောင်တ စသည်တို့သည် ဇာတ်လမ်း၏ အထွဋ် အထိပ်ပိုင်းဟု ခေါ်နိုင်သည်။
ဤအချိန်တွင် ခင်ဦးနွယ် မြစ်ကြီးနားသို့ ပြောင်းရတော့သည်။ သက်ဇော်နိုင်က သူ့နှလုံးသားကို တောင်းခံနေပြီ။ သူဘာလုပ်မလဲ၊ ငြင်းမလား။ သက်ဇော်နိုင်ကို မြေလတ်မြို့ကလေးက ဆေးရုံတွင် ထားပစ် ခဲ့ရမလား။ အချစ်ရဲ့ နောက်ဆက်တွဲစာမျက်နှာဟာ အချစ်ပဲလား။ မေတ္တာတို့ သစ္စာတို့ သံယောဇဉ်တို့ မဖြစ်နိုင် ဘူးလား။ ယင်းမှာ ဝင်းဝင်းလတ်၏ ဒဿနဖြစ်သည်။ သူ့ဝတ္ထု၏ ဒဿနဖြစ်သည်။
ဝတ္ထုဟာ ဘာလဲ။ ဝတ္ထုတစ်ပုဒ် (ဝတ္ထုရေးဆရာ)က ဖြေရှင်းရသည့် ပြဿနာတွေဟာ ဘာလဲ။ ဇာတ်လမ်းကို ဘယ်လိုပြောမလဲ၊ ဝတ္ထုထဲက ဇာတ်ဆောင်တွေရဲ့ ဒဿနရှုထောင့်နဲ့ ဝတ္ထုရေးဆရာရဲ့ ဒဿန ရှုထောင့်ဆိုတာ ဘယ်အရာတွေလဲ။ ဝတ္ထု(သို့မဟုတ်) ဝတ္ထုရေးဆရာဟာ အချိန်ကာလကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ။ နေရာဒေသကိုကော ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ။ ဝတ္ထုထဲက ဇာတ်ဆောင်တွေကို စရိုက် ပီပြင်အောင်၊ သရုပ်ပေါ်အောင် ဘယ်လိုရေးမလဲ။ ဒိုင်ယာလော့ (အချီအချ စကားပြောခန်း)ရဲ့လုပ်ငန်းဟာ ဘာလဲ။ ဇာတ်လမ်းဇာတ်ကွက် ပြန်ပြောတဲ့နေရာမှာ ဒိုင်ယာလော့ကို ခွင်ကျအောင် ဘယ်လိုသွင်းထည့်မလဲ။
ယင်းမှာ ဝတ္ထု(ဝတ္ထုရေးဆရာ)က ရင်ဆိုင်နေရသော ပြဿနာများဖြစ်သည်။ ဝင်းဝင်းလတ်က ဒီလို ပြဿနာများကို အတတ်နိုင်ဆုံး ဖြေရှင်းသွားခဲ့သည်။
ကျွန်တော်သည် ဝင်းဝင်းလတ် ခေါ်သွားသော မြေလတ်မြို့ကလေးက ဆေးရုံသို့ ရောက်သွားကာ အချစ်ကြောင့် နူးညံ့ရွှန်းမြနေသော သက်ဇော်နိုင်နဲ့ ခင်ဦးနွယ်တို့၏ မျက်နှာနုနုများကို မြင်ခဲ့ရသည်။
မြသန်းတင့်
0 Reviews