BOOK DETAILS
“မင်းတို့ သုံးယောက်က တစ်ယောက်ကို တစ်ယောက် သိပ်ပြီး ချစ်ကြတယ်။ ဒါပေမယ့် မင်းတို့ဟာ အချစ်ကို ဖော်မပြနိုင်တဲ့ နေရာ၊ အချစ်ကို ဖော်မပြနိုင်တဲ့ ယဉ်ကျေးမှုထဲမှာ မွေးလာကြတယ်။ တို့တစ်တွေဟာ သက်ရှိသတ္တဝါတွေထဲမှာ ကျိန်စာသင့်နေတဲ့ လူသားတွေ ဖြစ်နေကြတယ်။ အစ္စမေ”
- ဒေါက်တာမူဒီ
ဒီစကားကို လီရွှန်ရူးရစ်ရေးတဲ့ The Haj ဆိုတဲ့ ပါလက်စတိုင်းနောက်ခံ ဝတ္တုကို ဆရာကြီး မောင်ပေါ်ထွန်း ဘာသာပြန်ထားတဲ့ အကြီးအကဲ (နိုင်ငံတစ်ခု ပျက်သုဉ်းခြင်း) ဆိုတဲ့ စာအုပ်ရဲ့ စာမျက်နှာ ၈၉၁ မှာ တွေ့နိုင်ပါတယ်။ ရှေးဟောင်း သုတေသနပညာရှင် ဒေါက်တာမူဒီ ပြောတဲ့ မင်းတို့ သုံးယောက်ဆိုတာ (၁) တဘားရွာသူကြီး ဟာဂျီအီဘရာဟင်၊ အီဘရာဟင်၏သား အစ္စမေနှင့် အီဘရာဟင်၏ သမီးဖြစ်သူ နာဒါတို့ကို ဆိုလိုသည်။ အဲဒီ စကားရဲ့ အတိမ်အနက်ကို အတွဲလေးတွဲရှိတဲ့ စာအုပ်တွေ အကုန်လုံး မဖတ်ပဲ မသိနိုင်ပါဘူး။ အတွဲလေးတွဲလုံးကို ဖတ်ဖူးတဲ့သူဆိုရင်တော့ အဲဒီ စကားကို ပြန်ဖတ်တာနဲ့ အဲဒီ ဝတ္တုတစ်အုပ်လုံး ပြန်မြင်ယောင်လာဖို့ အာမခံပါတယ်။
ကျွန်တော် ဒီစာအုပ်ကို ဖတ်တဲ့ အချိန်မှာ အိတ်ဇိုးဒပ်ကို ဖတ်ပြီးပါပြီ။ ရေးသူက လီရွန်ရူးရစ်ပါပဲ။ မြန်မာဘာသာ ပြန်တာတော့ ဆရာကြီး မောင်မိုးသူပါ။ အိတ်ဇိုးဒပ် (နိုင်ငံတစ်ခု မွေးဖွားခြင်း)ကို ဖတ်တော့ ဖတ်ညွှန်းမှာ ကျွန်တော် ဒီလို ရေးဖူးပါတယ်။
အစ္စရေးနိုင်ငံဆိုတာ သဲကန္ဒာရထဲကနေ အခက်အခဲ အတားအဆီးပေါင်းစုံကြားကနေ၊ စစ်ပွဲမျိုးစုံ၊ ရန်သူပတ်လည်ဝိုင်းနေတဲ့ အခြေအနေကြားကနေ ခေတ်မှီနိုင်ငံတစ်ခုအဖြစ် အလျှင်မြန်ဆုံး ထိုးထွက်လာနိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ စင်္ကပူနိုင်ငံရဲ့ ဖခင်ကြီး လီကွန်ယုအကြောင်းကို ဖတ်တော့ စင်္ကာပူနိုင်ငံကို အမြန်ဆုံးတည်ဆောက်ရာမှာ အစ္စရေးရဲ့ နမူနာကို အများကြီး ယူခဲ့တယ်လို့ သိခဲ့ရပါတယ်။ နောက်ပြီး ပါလက်စတိုင်းဆိုတဲ့ ဒေသမှာ အခုအချိန်အထိ ပရိပက္ခပေါင်းစုံနဲ့ နဘမ်းလုံးနေဆဲ၊ အဲဒီ ပရိပက္ခတွေ ဘယ်က စဖြစ်လာသလဲ စသည်ဖြင့် သိချင်တာတွေ များလာပါတယ်။ အဲဒီလို သိချင်နေတဲ့ ကျွန်တော့်အတွက် အိတ်ဇိုးဒပ်က ပြည့်ပြည့်စုံစုံ ပြောပြလိုက်ပါတယ်။
အခု အကြီးအကဲကြတော့ ပါလက်စတိုင်း ဒေသမှာ နေထိုင်ကြတဲ့ ပါလက်စတိုင်း လူမျိုးတွေ သူတို့ရဲ့ ပါလက်စတိုင်းပြည် ပျက်သုဉ်း ဆုံးရှုံးရခြင်းကို ဖွဲ့ဆိုထားတဲ့ ဝတ္ထုဖြစ်နေပါတယ်။ ပါလက်စတိုင်း လူမျိုးတွေဖက်က ရေးတဲ့ ဝတ္ထုလို့ ပြောရင် ရနိုင်ပါတယ်။ အစ္စရေး၊ ပါလက်စတိုင်း ပဋိပက္ခကို ဘက်နှစ်ဖက်လုံး မြင်နိုင်အောင် ရုပ်ရှင်ကားနှစ်ကားကို တစ်ပြိုင်တည်း ပြနေသလို အိတ်ဇိုးဒပ်နဲ့ အကြီးအကဲက စွမ်းဆောင်နိုင်ပါတယ်။ နှစ်အုပ်လုံးမှာ သူ့ဇာတ်လမ်းနဲ့သူ သူ့နောက်ခံ သမိုင်းနဲ့သူပါ။
အိတ်ဇိုးဒပ်ဖက်မှာတော့ မဆုတ်မနစ်ကြိုးစားတတ်တဲ့ ဇွဲတွေ၊ ကြိုးစားအားထုတ်မှုတွေ၊ ညီညွှတ်မှုတွေ၊ ပြင်းပြင်းထန်ထန် လုံ့လစိုက်ထုတ်မှုတွေနဲ့ နိုင်ငံတစ်ခုကို တည်ထောက်ကြတာ ဖတ်ရမှာ ဖြစ်ပြီး တစ်ဖက်မှာတော့ အချင်းချင်း မယုံကြည်မှုတွေ၊ မညီညွှတ်မှုတွေ၊ ကံစီမံရာအတိုင်း မျောပါမှုတွေ၊ ကြပ်တည်း ကျဉ်းမြောင်းလွန်းတဲ့ ယဉ်ကျေးမှု အစဉ်အလာတွေ ကြားထဲမှာ ပိတ်လှောင်ရင်း နောက်ဆုံးမှာ နိုင်ငံလဲ ဘုန်းဘုန်းလဲ ပျက်သုဉ်းရတဲ့ အခြေအနေကို ဖတ်ရပါမယ်။
လီရွှန်ရူးရစ်ရဲ့ ထုံးစံအတိုင်း သမိုင်းကို သမိုင်းလို မရေးပဲ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ဝတ္တုဆန်ဆန် ဆွဲခေါ်သွားပါတယ်။ အဲဒီ သမိုင်းဇာတ်ထုတ် သဘွတ်အူကြီးထဲမှာ ဟာဂျီအီဘရာဟင်၊ အစ္စမေ၊ နာဒါ စတဲ့ ဇာတ်ကောင်တွေဟာ အံဝင်ဂွင်ကျ ကပြအသုံးတော် ခံသွားကြပေမယ့် နောက်ဆုံး ဇာတ်သိမ်းခန်းကတော့ အရုပ်ဆိုး အကျဉ်းတန်လှပါတယ်။ စာရေးသူက ဂျူးတစ်ယောက်ဆိုပေမယ့် ဒီစာအုပ်မှာတော့ ပါလက်စတိုင်းတွေဘက်က သနားစိတ်၊ မချင့်မရဲ စိတ်၊ ဒေါသစိတ်တွေနဲ့ ရေးသွားတယ်လို့ ဆိုနိုင်ပါတယ်။ စာရေးသူက သူရဲ့ စိတ်ခံစားချက်တွေကို တဘားရွာသူကြီး အီဘရာဟင်ရဲ့ မိတ်ဆွေကြီး ဂျူးစစ်သား ဂီဒီယံက တစ်ဆင့် ခံစားသွားတယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ဖတ်ကြည့်ပါ မိတ်ဆွေ၊ သင့်ရဲ့ တန်ဖိုးရှိလှတဲ့ ရက်သတ္တပတ်ဟာ ဒီစာအုပ်ကြောင့် အလဟဿ မဖြစ်စေရဘူးလို့ ကျွန်တော် အာမခံပါတယ်။ အဲ … အိတ်ဇိုးဒပ် မဖတ်ရသေးရင်လဲ ဖတ်လိုက်ဦးဗျ။ ပြီးရင် ကာတွန်းဆရာ Guy Delisle ရေးတဲ့ ဂျေရုဆလင်ဆိုတဲ့ စာအုပ်ကိုလဲ ဆက်ဖတ်ဗျ။ အဲဒါမှ မကျေနပ်သေးဘူးဆိုရင်တော့ အိုဂျေရုဆလင်ကို ဆက်ဖတ်ဗျာ။
ဖတ်ညွှန်းရေးသူ - စိုးသီဟနောင်
0 Reviews