1
Book
အောင်လင်း
( ၁၉၂၈ - ၁၉၈၄)
စာရေးဆရာအောင်လင်းကို ၁၉၂၈ခု မတ်လ ၁ဝရက်နေ့တွင် မကွေးတိုင်း ရေစကြိုမြို့၌ ခရိုင်ရဲဝန်ထောက် ဦးဘရှိန်နှင့် အမိဒေါ်ဒေါ်မြစ်တို့မှ မွေးဖွားသည်။ အမည်ရင်းမှာ ဦးတင်ဖေဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းကာလတွင် အောင်လင်းသည် ရေစကြိုမြို့အာရှလူငယ် အစည်းအရုံးတွင် ပါဝင်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် ပခုက္ကူခရိုင်မှ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။ အောင်လင်းသည် အသက်အငယ်ဆုံးသခင်တစ်ဦးအဖြစ်လည်းကောင်း၊ ပခုက္ကူခရိုင်မှ ကိုယ်စားလှယ်အဖြစ်လည်းကောင်း နေသူရိန်အစည်းအဝေးပွဲကြီးသို့
စေလွှတ်ခြင်းခံခဲ့ရသည်။
၁၉၄၇ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာဆည်းပူးသည်။ အောင်လင်းသည် စာပေနှင့်ဂီတ အနုပညာဘက်တွင် ဝါသနာပြင်းပြခဲ့သည်။ ၁၉၄၈ - ၄၉ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ကြီးမှူးကျင်းပသော ဂီတပြိုင်ပွဲ၌ ပတ္တလား ပထမဆု၊ မယ်ဒလင် ပထမဆုနှင့် တယော ဒုတိယဆုရခဲ့သည်။
ဂီတအနုပညာကို ဝါသနာပြင်းပြသဖြင့် ပညာကို ဆုံးခန်းတိုင်မသင်ဘဲ တက္ကသိုလ်မှ ထွက်ခဲ့သည်။ သူ့ဖခင်နှင့် ရင်းနှီးသော ဂီတဖခင်ကြီးမြန်မာညွန့် ဆရာဦးချစ်မောင်က သူ့အား ခု မင်းစာ မေးပွဲကျတာက ကျောင်းစာထက် ငါလိုလားတဲ့ ဂီတဘက်ကိုပိုပြီး ကြိုးစားလို့ကျတာ၊ ဒီတော့ မင်းကောလိပ်က စာမေးပွဲအရှုံးပေးလိုက်ပေမယ့် ငါ့ကျောင်းက စာမေးပွဲကတော့ ဂုဏ်ထူးနဲ့ကို အအောင်ပေးလိုက်တယ်ဟေ့ဟူ၍ ဆိုခဲ့သည်။
ဆန်းသစ်၊ ဆန်းအဖွဲ့နှင့် တေးသစ်လွင် အပျော်တမ်းတူရိယာအဖွဲ့များကို ဦးဆောင်ပြီး သီချင်းများရေးသား၍ အသံလွှင့်ခဲ့သည်။
သီချင်းပုဒ်ရေ ၆၀ကျော်ခန့် ရေးသားခဲ့သည့်အနက် ကျော်ကြားသော သီချင်းများအနက် မေရှင်သီဆိုသော မေတ္တာရေလှိုင်း၊ လီလီကြာညွန့် သီဆိုသော မေတ္တာရွှေစောင်း၊ နွယ်ညီအစ်မ သီဆိုသော တေးပန်လွှာတို့ဖြစ်သည်။ ဂီတနက်သန်ကိုစောညိန်း ရေးသားသော မိုးသက်လေနှင် သီချင်းကို ကိုယ်တိုင်သီဆိုခဲ့သည်။
အောင်လင်းသည် ၁၉၄၇ခုနှစ်မှစ၍ ပခုက္ကူအပုလေး၊ ရွှေကူတင်၊ တက္ကသိုလ်ငတိ၊ ဆူးညှောင့်စသော ကလောင်ကွဲများဖြင့်လည်း စာများရေးသားခဲ့သည်။
၁၉၄၈ခုနှစ်မှစ၍ အောင်လင်း ကလောင်အမည်ဖြင့်ပင် ရေးသားသည်။
လုံးချင်းဝတ္ထုပေါင်း ၅ဝကျော် ရေးသားခဲ့ပြီး ၁၉၆ဝပြည့်နှစ် စာပေဗိမာန် ဝတ္ထုရှည်ဆုရ အရိုင်းစံပယ်ဝတ္ထုမှာ ၁၇ကြိမ်အထိ ပြန်လည်ရိုက်နှိပ်ရသော အကျော်ကြားဆုံးဝတ္ထုဖြစ်သည်။
ထို့ပြင် ပစ်တိုင်းထောင် ဝတ္ထုသည်လည်း ရုရှား၊ ဥဇ္ဖဘက်ကစ္စတန်နှင့် ဂျာမန်ဘာသာများသို့ ပြန်ဆိုခြင်းခံရသည်။ တဖန် ဗေဒါ´ ဝတ္ထုကိုလည်း ရုရှားဘာသာဖြင့် ပြန်ဆိုထုတ်ဝေခဲ့သည်။ ဝတ္ထုတိုများအနက်
အသေးအဖွဲကလေး´၊ အိမ်တွင်းပုန်းမကလေး´ နှင့်
တခုသာလိုချင်သည်´ ဝတ္ထုတိုများကို ပြင်သစ်ဘာသာသို့ ပြန်ဆိုကြသည်။ ရေးသားခဲ့သော ဝတ္ထုများအနက် မောင့်မမငြိမ်း၊ သဲတပွင့်၊ ပစ်တိုင်းထောင်၊ ဇင်ယော်၊ အလျော်အစား၊ ကောင်းလေမှာ လွင့်ရှာပေါ့၊ နစ်လေသူတစ်ဦး၊ နှောင်းသစ္စာ၊ ချစ်နှင်းမှုန်မှုန်၊ လှတစ်ပတ်နွမ်းအပြုံး၊ ရွှေဝတ်မှုန် စသည်တို့ဖြစ်သည်။
အောင်လင်းသည် ရုပ်ရှင်လောကသို့လည်း ဝင်ခဲ့သေးသည်။ ဗေဒါ´ ဇာတ်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့သည်။
လူမော်´ ဇာတ်ကားတွင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ ရန်ကုန်ဘဆွေနှင့်တွဲ၍ `မာန်´ ရုပ်ရှင်ကားကို ဦးစွာရိုက်ကူးခဲ့သည်။
သူ၏ အသိုင်းအဝိုင်းများမှာ လူတန်းစားမျိုးစုံသည်။ တက္ကသိုလ်ကထိက၊ ဂီတဆရာ၊ သတင်းစာဆရာ၊ စာရေးဆရာမှသည် ဆိုက်ကားနင်းသူအထိ ပါသည်။
သူ့အိမ်တွင် ဧည့်ပြတ်သည်မရှိ။ လူစုံမိလျှင်စု၍ တီးကြ၊ မှုတ်ကြနှင့် ပျော်စရာပင်။ တခါတရံ အသံဝါကြီးနှင့် သီချင်းညီးနေသော မင်းရှင်´ ကို တွေ့ရတတ်သည်။ အပြင်သို့ ထွက်ကြလျှင်ကား
ဟေ့ ဖိုးအောင်လင်း တယောကလေးပါ ဆွဲခဲ့ပါကွ´ ဟုဆိုလေ့ရှိကြသည်။ ဆရာဇဝန စိတ်ရွှင်သောညများတွင် စုမိကြလျှင် အောင်လင်းကို အများက တမ်းတတတ်ကြသည်။ တခါတရံ အောင်လင်းရှိရာ လိုက်လံရှာဖွေပေးရသည်။ သူ့ကိုတွေ့လျှင်ကား ပတ္တလားတီးခိုင်း၍ ဆရာဇဝနက သမင်လိုက် လေးတင်ခန်းဖွင့်လေတော့ဟူ၍ အောင်လင်းနှင့် ပေါင်းဖော်သင်းဖက် မြဝတီအယ်ဒီတာဟောင်း မောင်ကျော်သာက မှတ်တမ်းတင်ထားသည်။
မောင်ကျော်သာသည် အောင်လင်း၏ စာများကို နှစ်ခြိုက်သဘောကျမိခဲ့ပြီး လူချင်းမတွေ့ကြမီ စိတ်ကူးနှင့် မြင်ယောင်ခဲ့ရာမှ တစ်နေ့တွင် ဗိုလ်ချုပ်လမ်းရှိ ကုလားလက်ဖက်ရည်ဆိုင်တွင် ဆရာဌေးမောင်နှင့် လက်ဖက်ရည်ဝင်သောက်ရင်း စာရေးဆရာအောင်လင်းနှင့် တွေ့ခဲ့ရသည်ဟု ဆိုသည်။
ထိုလူသိုက်ထဲမှ ဂျာကင်ညစ်မည်းမည်းနှင့်သူမှာ ကိုဌေးမောင် ညွှန်ပြသော အောင်လင်းဖြစ်နေသည်။ အသားရောင်မွဲခြောက်ခြောက်၊ အရပ်အမောင်း ညှက်ညှက်သေးသေး၊ လူဖလံကလေးအရွယ်၊ ထာဝစဉ်ဆီများမတွေ့၍ စုတ်ဖွားဖွားဆံပင်နှင့် နဖူးကျယ်ကျယ် မေးသွယ်သွယ်မျက်နှာတွင် လင်းယုန်ကဲ့သို့ ရဲရင့်သောအကြည့်၊ ဆွဲငင်သတ္တိနှင့် တွေးခေါ်ဟန်ရှိသော မျက်လုံးများကြောင့် အောင်လင်းဆိုတာ ဖြစ်နိုင်သားပဲဟု မောင်ကျော်သာက ရေးသားထားသည်။
အောင်လင်းကို အမြဲလိုလို ငိုးတိုးငုတ်တုတ်မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးနှင့် တစ်မတ်တန် ဆေးပေါ့လိပ်ကိုခဲကာ ဖဆပလတိုက်ခန်းရှိ သူ့အိမ်တွင် ပတ္တလားကို တီးလျက်သံစဉ်ရှာနေသည်ကို တွေ့ရလေ့ရှိသည်။ ဤကား စာရေးဆရာအောင်လင်း၏ ထူးခြားသော ကိုယ်ပိုင်ဟန် (Idiosyncrasy) ဟုပင် ဆိုရပေသည်။
သူသည် ၁၉၆၁ - ၆၂ခုနှစ်က မြန်မာနိုင်ငံစာရေးဆရာအသင်း၏ အတွင်းရေးမှူးဖြစ်ခဲ့သည်။ စာရေးဆရာအသင်းမှ တင်ဆက်ခဲ့သော ပြဇာတ်များတွင်လည်း ဒါရိုက်တာ၊ သီချင်းရေးဆရာ၊ ဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့သည်။
ထို့နောက် မရိုးနိုင်သော လောကသရုပ်၊ လူ့သဘာဝအဖွဲ့ကို ကျွမ်းကျင်စွာ ရေးဖွဲ့တတ်သော ဦးတင်ဖေ ခေါ် စာရေးဆရာအောင်လင်းသည် ၁၉၈၄ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားလေသည်။ ကွယ်လွန်ချိန်၌ သားနှစ်ယောက်၊ သမီးတစ်ယောက်ကျန်ရစ်ခဲ့သည်။
စာကိုး
(၁) မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၁၉၈၅။
(၂) မလိခ၊ မြန်မာဝတ္ထုအညွှန်း အမှတ် ၁ နှင့် ၂၊ ရန်ကုန်၊ စာပေလောက ၁၉၇၄။
(၃) မောင်ဆုရှင် “အမျိုးသားရနံ့ဆွတ်ပျံ့သော အရိုင်းစပယ်” လုပ်သားပြည်သူ့နေ့စဉ် (၄-၁၀-၉၂)
1 Review
[email protected]
3 months agogood