BOOK DETAILS

စာဆိုတော်

File Info :  

epub, kfx


About Author

ဒဂုန်ခင်ခင်လေး
4 Books

ဒဂုန် ခင်ခင်လေးသည် မန္တလေးမြို့ ဇာတိဖြစ်၍ ၁၂၆၅ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် (၁၉၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်) စနေနေ့တွင် ဖွားမြင်သူ ဖြစ်သည်။ ဖခင်မှာ ရဲအင်စပိတ်တော် ဦးမောင်မောင်ကျော် ခေါ် ဦးမြတ်ကျော် ဖြစ်၍၊ မိခင်မှာ (ဝက်မစွတ် မြို့စားမင်း၏သမီးလတ်) ဒေါ်ခင်ခင်လတ် ဖြစ်သည်။ အဘိုးဖြစ်သူ ဝက်မစွတ် မြို့စားမင်းက မြေးဖြစ်သူကို ချစ်မြတ်နိုးသည့် အတွက် မိမိ အဘွားဖြစ်သူ၏ အမည်ကို ယူကာ 'ခင်လေးခင်' ဟု အမည် ပေးခဲ့သော်လည်း၊ ဒဂုန် ခင်ခင်လေးက အဘိုး၏ အဘွား အမည်ကို မိမိအမည် အဖြစ် သုံးလျှင် ရိုင်းရာကျသည်ဟု ယူဆကာ 'ခင်ခင်လေး' ဟု အမည် ပြောင်းလဲခဲ့သည်။ နှစ်ပေါင်း ၂ဝ တိုင်တိုင် ကလောင်ကိုင်၍ ဒဂုန်မဂ္ဂဇင်းကြီးနှင့် အဆက်မပြတ် ဆောင်းပါး၊ ဝတ္ထုတိုများရေးသားခဲ့ရာ ဒဂုန်မဂ္ဂဇင်းကြီးမှ ချီးကျူးဂုဏ်ပြုသည့်အနဖြေင့် ခင်ခင်လေး၏ရှေ့တွင် ‘ဒဂုန်’ ဟူ သောဘွဲ့ကို အမြဲထည့်သွင်း ဖော်ပြသည်ကို အကြောင်း ပြုပြီး ယနေ့တိုင်အောင် ‘ဒဂုန်ခင်ခင်လေး’ ဟု ဒဂုန်နှင့်တွဲ၍ ကျော်စောထင်ရှား လူသိများလျက် ရှိနေပေသည်။

ဒဂုန်ခင်ခင်လေး၏ဖခင်ဘက်မှအဘိုးမှာ ရတနာပုံမြိုတည်၊ နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးလက်ထက်မှစ၍ သီပေါ မင်းလက်ထက်တိုင် မြို့သူကြီးအဖြစ်လည်းကောင်း၊ ကျောက်ပန်းတောင်းနယ်တစ်ဝိုက် မြို့အုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ သော ကေအက်စ်အမ်ခေါ် ရွှေစလွယ်ရမြို့အုပ်မင်း ဦးဘိုးဆွဖြေစ်သည်။ မြို့အုပ်ကတော်မှာ သီပေါဘုရင်၏ မိဖုရားခေါင်ကြီး စုဖုရားလတ်၏ ရံရွေတော် မမသက်ဆိုသူဖြစ်သည်။ ဦးဘိုးဆွေနှင့် မမသက်တို့တွင် …

ဦးမောင်မောင်ဝင်း ဦးမောင်မောင်ပု ဦးမောင်မောင်ကျော် (ဦးမြတ်ကျော်) နှင့် ဒေါ်ခင်ဆင် ဟူ၍ သားသမီးလေးယောက် ထွန်းကားခဲ့သည်။ ဦးမောင်မောင်ကျော်မှာ မိဘများပေးထားသည့်အမည်ကို မနှစ်သက်သော ကြောင့် ဦးမြတ်ကျော်ဟု တွင်စေသည်။ ဒဂုန်ခင်ခင်လေး၏ မိခင်ဘက်မှ ဘေးမှာ ပိဋကတ်တော်သမိုင်းအပါအဝင် ကျမ်း (၃၃) စောင်ပြုစုသွားသည့် မင်းတုန်းမင်း၏ ပိဋကတ်တော်အုပ် အရှင် နန်းမတော်ဝန် မိုင်းခိုင်းစားမင်းကြီး ‘မဟာသီရိဇေယျသူ’ ဘွဲခံ ဦးယမ်ဖြစ်သည်။ ဒဂုန်ခင်ခင်လေး၏ အဘိုးမှာ ကဗျာ၊ လင်္ကာအမျိုးမျိုး၊ မဟာဂီတဝင် သီချင်းကြီးသီချင်း ခန့်များ နှင့် နေ့စဉ်မှတ်တမ်းများအပါအဝင် စာမျိုးစုံ ရေးသား ပြုစုခဲ့သော ဝန်ထောက် ဝက်မစွက်မြို့စားမင်းကြီး ‘မင်းထင်မဟာစည်သူ’ဘွဲ့ခံ ဦးလတ်ဖြစ်သည်။

ဝက်မစွက်မင်းကြီးဦးလတ်နှင့် ဝန်ကတော် မိုင်းခိုင်းမြို့စား ပိဋကတ်တော်အုပ်မင်း ဦးယမ်၏သမီးအလတ် အရှင်နန်းမတော် မိဘုရားခေါင်ကြီး စုဘုရား လတ်၏ မှန်နန်းအပျိုတော်ကြီး သုနိမ္မာတို့ လက်ဆက်၍ –

ဝက်မစွက် ခင်မောင်ကြီး ဝက်မစွက် ခင်ခင်ကြီး ဝက်မစွက် ခင်ခင်လတ် ဝက်မစွက် ခင်ခင်လေး ဝက်မစွက် ခင်ခင်ထွေး ဟူ၍ သားသမီးငါးယောက် ထွန်းကားခဲ့ရာ ဝက်မစွက်ခင်ခင်လတ်မှာ မြို့အုပ်မင်းဦးဘိုးဆွေနှင့် ဒေါ်မမသက်တို့၏ တတိယ မြောက်သား မြို့အုပ်ကလေး ဦးမြတ်ကျော်နှင့် လက်ထပ်ထိမ်းမြားခဲ့သူဖြစ်သည်။ ဦးမြတ်ကျော်သည် ခင်ခင်လတ်နှင့် လက်ထပ်ပြီး မြို့အုပ်အဖြစ်မှ ရာဇဝတ်ဘက်သို့ပြောင်းကာ အမှုလိုက်အင်စပက်တော် အဖြစ်နှင့် မိတ္ထီလာမြို့တွင် နေထိုင်စဉ်အတွင်း သမီးခင်ခင်လေး (နောင်ဒဂုန်ခင်ခင်လေး) နှင့် သား မောင်မောင်လေး (အေဝမ်း တူရိယာအဖွဲ့တွင် ဆက်ဆိုဖုန်းမှုတ်သူ မာလမောင်မောင်) တို့ကို ဖွားမြင်ခဲ့သည်။

ဝက်မစွက်ဝန်ထောက်မင်းမှာ စာပေပရိယတ္တိ ဗဟုသုတဟင်းအိုးကြီးသဖွယ် သုတေသီအပေါင်းတို့၏ မှီခိုအားထားရာ ပညာရှင်ကြီးတစ် ဆူဖြစ်၍ ဗဟုသုတအစုံကို ဒေါ်ခင်ခင်လေးသည် အဘိုးကို ဝေယျာဝစ္စပြုစုရင်း ဆည်းပူးမှတ်သားလာခဲ့ရသည်။ ဖခင်နှင့်အတူ မကြာခဏ နယ်လှည့်ထွက်ရာတွင် ယောက်ျားလေးလိုမြင်းစီး၍ တောထွက်လည်ပတ်ခဲ့သော အလေ့အထများလည်း ရရှိခဲ့ သည်။

အဘိုးဝက်မစွက်၏အိမ်တွင် မောင်နှမမိသားစုများ နေထိုင်ကြရသည်။ အဘိုးဝက်မစွက်မြို့စားမင်းကြီးက မြေးဖြစ်သူအား ရတနာသုံးပါးနှင့် စပ်ဆိုင်သော ပရိတ်တရားတော်များ၊ သဂြိုဟ်ကျမ်း၊ သဒ္ဒါကျမ်း၊ နိပါတ်တော်၊ ဇာတ်တော်ဝတ္ဂ္တုများ၊ ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင်၊ ပျို့လင်္ကာများ သင်ကြားပေးလေသည်။ အင်္ဂလိပ်စာသင်ဆရာကို အိမ်ခေါ်၍ သင်ယူစေခဲ့လေသည်။ တစ်ဖက်ကလည်း အားလပ်ချိန်တွင် ပြင်ပစာ အုပ်စာ ပေများကို ဖတ်ရှုလေ့လာစေခဲ့သည်။ ဒဂုန်ခင်ခင်လေးသည် ၁ဝ နှစ်သမီးအရွယ်၌ ကျောင်းစာအပြင် ၁၉၁၄ ခုထုတ် ပညာအလင်းမဂ္ဂဇင်းများကို ဖတ်ရှုလေ့လာခဲ့သည်။ ၁၂ နှစ်သမီးအရွယ်မှာ ဒဂုန်ခင်ခင်လေးသည် စာပေလောကသို့ဝင်ရောက်ခဲ့စဉ်အခါက အမျိုးသမီးများအဖို့ ဝတ္ထု ဆောင်းပါးရေးသားသည်ကိုမဆိုထားဘိ ဝတ္တုဖတ်သည်ကိုပင် ကဲ့ရဲ့တတ်ကြသောအခါ ဖြစ်သည်။ ထိုခေတ်ထိုအခါ၏ အယူအဆနှင့် ဝါဒကို ရဲရင့်စွာရင်ဆိုင်တွန်းလှန်ပြီးလျှင် စာပေလောကသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပေသည်။ ဒဂုန်ခင်ခင်လေးသည် မြန်မာစာပေလောက၌ ပထမဦး ဆုံးသော အမျိုးသမီးကာလပေါ် မြန်မာဝတ္ထုရေးဆရာမဖြစ်သည်။ ၁၉၁၆ ခုနှစ်တွင် 'နွဲ့နွဲ့' ဟူသော ဝတ္ထုတိုကလေးကို စတင် ရေးသား ပေးပို့ရာ သူရိယ မဂ္ဂဇင်း ဝတ္ထုတိုပြိုင်ပွဲတွင် အကောင်းဆုံး ဝတ္ထုအဖြစ် ရွေးချယ်ခံရပြီး၊ ၁၉၁၇ ခုနှစ်ထုတ် သူရိယ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၆) တွင် ထည့်သွင်း ဖော်ပြခံရသည်။ သူရိယမဂ္ဂဇင်းတိုက်မှ ဆုငွေနှင့် မဂ္ဂဇင်းတစ်စောင်ကို စာတိုက်မှ ဒဂုန်ခင်ခင်လေးထံ ပို့လိုက်သည်။ စာတစ်စောင်လည်း ပူးတွဲ ပါရှိသည်။ ယင်းစာတွင် အမျိုးသမီးစာရေးသူ အဖြစ်ပထမဆုံးမြန်မာကာလပေါ်ဝတ္ထုရေးသူဟု ချီးကျူးဖော်ပြထားပေသည်။ ထိုစဉ် က ဒဂုန်ခင်ခင်လေး၏ ကလောင်အမည်မှာ အင်္ဂလိပ်ဘာသာ အတိုကောက် “K.L.K” ဖြစ်ပြီး အရှည်ကောက်မှာ ‘ခင်လေးကုမ္မာရီ’ ဖြစ်သည်။ နောက်ထပ်ရေးသားသောဝတ္ထုများမှာ‘ရှင်မင်းညို’၊‘ရဲလျှင်မင်းဖြစ်’စသောဝတ္ထုများ ကို ဆက်လက်ရေးသားသည်။

သူရိယမဂ္ဂဇင်းနှင့် မြန်မာ့အလင်းမဂ္ဂဇင်း နှစ်စောင်တွင် ‘သစ္စာနှင့် မေတ္တာ’၊‘စိန်နှင့် ဘေး’၊ ‘အချစ်နှင့် အမြစ်’၊ ‘စကားပြေ ဝတ္ထုတိုလေးများ’ ရေးပြီးပို့ခဲ့သည်။ ခင်ခင်လေးဝတ္ထုတိုလေးများမှာ သုံးလတစ်ကြိမ် အလှည့်ကျပါလာခဲ့၏။ ၂ နှစ်အတွင်း သူ့လက်ရာလေးတွေ အဆက်မပြတ် ပါလာပြီး ၁၉၂၁ ခု နှစ်တွင် မန္တလေးမြို့မှနေ၍ ကိုယ်တိုင်အမျိုးသမီးမဂ္ဂဇင်းကို ‘ကြည်တော်ဆက်’ မဂ္ဂဇင်းအမည်ဖြင့် (၁၅) ရက်တစ်ကြိမ် အချိန်မီထွက်နိုင်အောင် ကြိုးပမ်းခဲ့၍ သူကိုယ်တိုင်ထုတ်ဝေခဲ့သည်။

သမီးဖြစ်သူ ဒဂုန်ခင်ခင်လေးက ‘ကြည်တော်ဆက်’ မဂ္ဂဇင်း ထုတ်ဝေရန်ပူဆာ၍ မိခင်ဖြစ်သူသည် ကားတစ်စီးနှင့် စိန်နားကပ်တစ်ရံရောင်းကာ မဂ္ဂဇင်း ထောင်ပေးရသည် ဟူ၏။ ဤမျှအထိ သမီးအလိုကိုလိုက်ခဲ့မှုကြောင့် အများ၏ မေးငေါ့ခြင်းကိုပင် ခံခဲ့ရသည်ဆိုလေသည်။ ဒဂုန်ခင်ခင်လေးသည် မိမိပိုင် ‘ကြည်တော်ဆက်မဂ္ဂဇင်း’ကို မန္တလေးမြို့၊ ဆိုင်းတန်းရပ်၊ ဝဇီရာ မဏ္ဍလပုံနှိပ်တိုက်တွင် ရိုက်နှိပ်သည်။ မြန်မာ အမျိုးသမီး စာရေးဆရာများ ဦးစီး ထုတ်ဝေသော မဂ္ဂဇင်းများတွင် အစောဆုံး ဖြစ်သည်။ ကြည်တော်ဆက်မဂ္ဂဇင်းမှာ သူ့ခေတ်နှင့်သူ တွင်ကျယ်လာခဲ့သည်။ ပုံနှိပ်ခွင့်ကို သွားတောင်းစဉ်ကမူ မျက်နှာဖြူအရေးပိုင်မှာ ငယ်ရွယ်သူ အယ်ဒီတာမလေးကိုကြည့်ပြီး မအံ့ဩဘဲ မနေနိုင်ခဲ့။ ခင်ခင်လေး၏သတ္တိကား ဤသို့ဖြစ်သည်။ ကိုယ့်ကိုယ်ကို ကိုယ်အားကိုးသော ဉာဉ်ကား (၁၂) နှစ်သမီးအရွယ်ကစ၍ အမြစ်တွယ်ခဲ့သူဖြစ်သည်။ သူ့ဝတ္ထုများကို ထုတ်ဝေသော ဝဇီရာမဏ္ဍလပုံနှိပ်တိုက်ပိုင်ရှင် ဒေါ်ဒေါ်ရွက်၏ ဟုမ္မရုးသတင်းစာ၌ ဟုမ္မရုးလမ်းညွှန်ခန်းကို ဒဂုန်ခင်ခင်လေးသည် လျှို့ဝှက်နာမည်နှင့် ရေးခဲ့ရာ တိုက်အုပ်လက်ရာဟု ထင်ခဲ့ကြသည်။

ထို့နောက် တိုက်ပိုင်ရှင်နှင့်အတူ နေရှင်နယ်ဂျာနယ်ထွက်ရန် ကြိုးစားခဲ့သည်။ သို့သော် နိုင်ငံရေးရုန်းရင်းဆန်ခတ်ဖြစ်၍ နေရှင် နယ်ဂျာနယ်နှင့် ကြည်တော်ဆက်မဂ္ဂဇင်းပါ ရပ်စဲထားလိုက်ရသည်။ အလုပ်မရှိလျှင်လည်း မနေတတ်သဖြင့် ဝါသနာအရ ဇာထိုး၊ ပန်းထိုး၊ လက်မှုပညာနှင့်ဘဲ အချိန်ကုန်လွန်ခဲ့ရသည်။ စတိုး ဆိုင်ကြီးများတွင် ဒေါ်ခင်ခင်လေး၏လက်ရာဖြစ်သော ရေခဲချည်စောင်၊ တက်တင်းဇာ၊ ပုတီးစေ့လက်ပွေအိတ်၊ ရေးဆေးဆီဆေးခြယ်ထားသည့် ပိုးတွန့်ဖဲလုံချည်များစသဖြင့် ကန်ထရိုက်စနစ်နှင့်သွင်းခဲ့သည်။ အနုပညာရှင်၏ မွမ်းမံမှုဖြစ်သဖြင့် အလွန် လူကြိုက်များခဲ့ပြီး ဝင်ငွေကောင်းခဲ့သည်။ ဇာထိုး၊ ပန်းထိုးရင်း ဝတ္ထုတွေ စဉ်းစားလိုက်၊ ကောက်ရေးလိုက်နှင့် ဒဂုန်မဂ္ဂဇင်း ဝတ္ထုပြိုင်ပွဲသို့ ရွှေဥဒေါင်းညိုဝတ္ထုကို ပို့လိုက်ရာ ပထမဆုရရှိခဲ့သည်။

၁၉၂ဝ ခုနှစ်တွင် ဒဂုန်မဂ္ဂဇင်းတွင် စာပေဝတ္ထုဆောင်းပါး များရေးသားသည်။ ဒဂုန်မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၆) တွင် အလင်းရောင်ဝတ္ထုကို စတင်ရေးပြီး ဝတ္ထုဆောင်းပါး အမြောက်အမြားကို စဉ်ဆက်မပြတ် ရေးသားခဲ့ သည်။ ဒဂုန်ခင်ခင်လေး အမည်ဖြင့် ခေတ်ပေါ်ရာဇဝင်ဝတ္ထုများ ရေးသည်။ ‘ကိုကိုလေး’ အမည်ဖြင့် မှော်ဆရာမှတ်တမ်းဝတ္ထုများကို ရေးသည်။

ပုဂံခေတ် ဆံထုံး ၅၅ မျိုးကို အဲချင်းရော၊ ပုံများပါ 'ရတနာပုံ ထိပ်တင်လှိုင်'အမည်နှင့် ယုဝတီဝတ္ထုဆောင်းပါးအခန်းအတွက် ဆံထုံးကာ အဲ မောင်းလှံထိုးအမျိုးမျိုး၊ အိမ်တွင်းမှုဇာထိုး၊ ပန်းထိုးအပ်ချုပ် လက်မှုပညာအဖြာဖြာ ဆောင်းပါးများကို ရေးသားခဲ့လေသည်။

၁၉၂၁ ခုနှစ်တွင် မန္တလေးမြို့မှနေ၍ ကိုယ်ပိုင်အမျိုးသမီးမဂ္ဂဇင်းတွင် ပျောက်ဆုံးသော ‘ပတ္တမြားကြီး’၊ ‘မသန်းရီ’၊ ‘မျိုးချစ်လမ်း ညွန်’ နှင့် ‘မာန’ ဝတ္ထုရှည်များ ရေးသားခဲ့သည်။

0 Reviews