BOOK DETAILS

နှင်းငွေ့တထောင့် မိုးတမှောင့်

File Info :  

epub, kfx


"စိတ် စိတ် စိတ်"

စိတ်နဲ့ပတ်သတ်တဲ့ စကားတွေ အတော်များများကြားဖူးသားရယ်။ "စိတ်ပျိုတော့ ကိုယ်နု" "စိတ်ထောင်းတော့ ကိုယ်ကြေ" တကယ်က လူသားတစ်ဦးရယ်အဖြစ် ရပ်တည်တဲ့အခါ ကျန်းမာရေးဆိုတာ အရေးကြီးဆုံးထဲက တစ်ခု။ ကျန်းမာရေးကောင်းခြင်းဟာ လာဘ်ကြီးတစ်ပါး။ မြင်ရတွေ့ရသော ခန္ဓာကျန်းမာရေးထက် စိတ်နှလုံးကျန်းမာရေးကလည်း အရေးကြီးပုံအကြောင်း။ လူသားတွေဟာ အချိန်ရှိသ၍ Second Godလို့ တင်စားခေါ်ဝေါ်ကြတဲ့ ငွေနောက်ကို ကောက်ကောက်ပါအောင် လိုက်ကြရင်း လမ်းတလျှောက်မှာ ကြုံရတဲ့ အဖုအထစ်လေးတွေနဲ့ စိတ်ကျန်းမာရေးကို ဂရုမစိုက် လျစ်လျူရှုမိခြင်းကြောင့် နောက်ဆက်တွဲပြဿနာများ။ တကယ်တော့ သားသမီးဆိုတာ ရတနာတစ်ပါးပါ။ နောက်တချက် သားသမီးဆိုတာ မိဘရဲ့ အရိပ်အာဝါသအောက်က ကြီးပြင်းလာရတဲ့ လူသားတွေပါ။ မိဘတွေရဲ့ လောင်းရိပ်အောက်မှာ အရွယ်ရောက်လာတဲ့ ကလေးငယ်တွေမှာလည်း တကယ်တော့ လူသားဆန်တဲ့ စိတ်ခံစားချက်တွေ တသီတတန်းကြီးနဲ့ပါ။ ကလေးငယ်တစ်ဦးရဲ့ ကောင်းခြင်းဆိုးခြင်းဟာ သူကြုံတွေ့နေရတဲ့ မိသားစုနဲ့ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်နေမှုက ကြီးမားပါတယ်ဆိုတဲ့ အချက်တွေ။ အတွင်းစိတ်ရဲ့ဒဏ်ရာဟာ ခဏတာ သိုမှီးထားရုံနဲ့ ရေရှည်မှာ ပျောက်ပျက်သွားမယ့်အရာလို့ ထင်မှတ်ယူထားလို့ မရတဲ့ အလွန်နူးညံ့သိမ်မွေ့တဲ့ ပြဿနာတစ်ရပ်ဖြစ်ပြီး အနည်းငယ်သော စိတ်ဒဏ်ရာမှ ကြီးမားသော စိတ်သောကအဖြစ် သြဇာညောင်းလာရင်း မိမိကိုယ်တိုင် သတိမထားလိုက်မိခင်မှာ စိတ်ရောဂါစွဲကပ်လာပြီး ကိုယ်တိုင်ပြန်လည်ဒုက္ခပေးနိုင်စွမ်းအထိ သက်ရောက်မှုရှိလာနိုင်ပါတယ်။ တကယ်တော့ "စိတ်"ဆိုတာ အရိပ်ပါ၊ အသက်ရှင်နေသမျှကာလတလျှောက် မိမိစိတ်ရဲ့ တွေးကြံရာ ကြံစည်ရာမှန်သမျှရဲ့ ကောင်းမွေဆိုးမွေကို မိမိ ကိုယ်တိုင် ဆက်ခံ ခံစားရင်း မကောင်းမှုမှာ တိမ်းညွတ်မိခဲ့သည်ရှိက ထိုစိတ်ဆိုသော အရိပ်အောက်မှ ရုန်းမထွက်နိုင်ဘဲ မိမိခန္ဓာထိပါ ထိခိုက်နိုင်စွမ်းရှိသော မမြင်ရသော်ငြား အင်အားကြီးတဲ့ လက်နက်တခုဖြစ်ကြောင်း။ လောကကြီးကို စိတ်က ဦးဆောင်နေပြီး စိတ်ရဲ့တွေးကြံမှု ဖန်တီးနိုင်စွမ်းတွေကပဲ လူတယောက်ကို တာဝတိံသာနတ်နန်းထိ စိတ်ကို မြှင့်တင်နိုင်စွမ်းရှိသလို အဝီစိထိလည်း ဆွဲချနိုင်စွမ်းကို သူတယောက် ပိုင်ဆိုင်ထားပြန်တယ်။ မေတ္တာတရားရဲ့ အေးချမ်းမှု၊ သံယောဇဥ်ရဲ့ လွန်ဆွဲမှု၊ မဖြစ်နိုင်မှန်းသိသော်လည်း သာယာမိခဲ့တဲ့ ချစ်ခြင်းတရား၊ ပိုင်ဆိုင်လိုချင် တပ်မက်မှုနောက်ကွယ်က ပူလောင်မှုတွေနဲ့ ရောယှက်တင်ပြီး စာဖတ်သူတို့ရဲ့ စိတ်ကို ဆွဲဆောင်နိုင်စွမ်းရှိခဲ့သော ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ လက်ရာကောင်းများစွာထဲက တစ်အုပ်ဖြစ်သော "နှင်းငွေတစ်ထောင့် မိုးတစ်မှောင့်"။

လူ့စိတ်ဆိုတာ တကယ်တော့ လွန်ဆွဲပွဲတစ်ခုလိုပါ၊ မူလ​ရေအလျဉ်စိတ်ရိုင်းနဲ့ လူ့ဘောင်ကသတ်မှတ်ထားတဲ့ စံစနစ်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ အမြဲလွန်ဆွဲနေရတဲ့ အရာပါ။ "သတိ တမံ၊ ဥာဏ်မြေကတုပ်၊ ချွန်းနှယ်အုပ်"ဆိုသလိုပေါ့၊ ကြမ်းတမ်းမည်းမှောင်တဲ့ ဘဝခရီးတလျှောက်စိတ်ရဲ့စေစားရာမှာ မှောက်မှားမှုတွေ မဖြစ်စေရလေအောင် ဥာဏ်ပညာရဲ့ အလင်းနဲ့ လျှောက်လှမ်းရင်း စိတ်အစဥ်ကို မလွတ်တမ်း ကျန်းမာအောင် စောင့်ရှောက်နေဖို့ကလည်း အရေးကြီးသောအရာဖြစ်ပုံကို ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က အချက်ကျကျ အကျအလပ်မရှိ ပုံဖော်ရေးသားထားခဲ့သော စာအုပ်ဖြစ်ကြောင်း။

About Author

တက္ကသိုလ်ဘုန်းနိုင်
18 Books

တက္ကသိုလ် ဘုန်းနိုင် (၁၉၃ဝ-၂ဝဝ၂) သည် မြန်မာနိုင်ငံသား တက္ကသိုလ် ပါမောက္ခ/ပါမောက္ခချုပ် တစ်ဦး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး အမျိုးသား စာပေဆုရ စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ တေးရေးဆရာလည်း ဖြစ်ခဲ့သည်။စာပေနယ်သို့ ရှုမဝ မဂ္ဂဇင်း ပါ "ဒွိဟ" ကဗျာဖြင့် ၁၉၄၉ ခုနှစ်တွင် စတင် ဝင်ရောက် ခဲ့သည်။ ထင်ရှားသည့် လုံးချင်း ဝတ္ထုရှည်အချို့မှာ၊ ညီမလေးရယ် စိုးရိမ်မိတယ် (၁၉၅၈)၊ သူ့ကျွန်မခံပြီ (၁၉၅၉)၊ လွမ်း (၁၉၆၂)၊ မိုးည အိပ်မက်မြူ (၁၉၆၂)၊ ဤမြေမှသည် (၁၉၆၃)၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ (၁၉၆၃)၊ မောင့်ဘဝ ညအလားကွယ် (၁၉၆၃)၊ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် (၁၉၆၄)၊ ချစ်သော ဤကမ္ဘာ (၁၉၆၄)၊ လွမ်းတေး မဆုံးစေနှင့် စောသခင် (၁၉၆၅)၊ ကမ္ဘာကုန် ကျယ်သရွေ့ဝယ် (၁၉၆၆)၊ နွေကန္တာဦး (၁၉၆၈)၊ ဝသန် လေချိန်မှန်ကူး (၁၉၆၉)၊ တပြည်သူ မရွှေထား (၁၉၇၁)၊ နှင်းငွေ့တထောင့် မိုးတမှောင့် (၁၉၇၂)၊ ကိုယ့်အလှ ဘဝငွေလမင်း (၁၉၇၆)၊ စွန့်ခွာရသည့် နွေညများ (၁၉၈ဝ)၊ မိုးတွေ ရွာမှဖြင့် လျှင်ကွယ် (၁၉၈၄)၊ တိမ်ညိုအလွင့် လအမြင့် (၁၉၉ဝ)၊ ချစ်သူအိမ်အမိုး နောက်ဝယ် လပျောက်ခဲ့ခြင်း (၁၉၉၁)၊ မျက်ရည် လောကများ၏ ဟိုမှာဘက် (၁၉၉၂)၊ လေရူးသည် စာမတတ်ပါ (၁၉၉၅)စသည်တို့ ဖြစ်ကြသည်။ ထင်ရှားသည့် မဂ္ဂဇင်း ဝတ္ထုရှည် (novelette) များမှာ နှင်းရွက်ကြွေစော (၁၉၅၈)၊ မုန်းရစ်လေဦး (၁၉၅၈)၊ ရေပင်လယ်နှင် ငွေစင်ကြယ် (၁၉၅၈)၊ တန်ခူးလေနှင့် လျောတော့သည် (၁၉၆၁)၊ ပိတောက်နှင့် ကြိုပါမည် မာရီယာ (၁၉၆၃)၊ ကရုဏာ မိခင် (၁၉၆၃) တို့ ဖြစ်ကြသည်။ ဝတ္ထုတို အများ ကိုလည်း ရေးသားခဲ့ရာ ယင်းတို့ကို ပြန်လည် တင်ပြသည် (၁၉၆၅)၊ ဝတ္ထုတို ပေါင်းချုပ် အမှတ် ၁၊ ၂၊ ၃ (၁၉၆၉)၊ ဝိညာဉ်မှာ ဖူးသည့် ကြည်နူးမှု အလှပန်း (၁၉၉၃)၊ ကျွန်တော့် ဘဝ ပိတောက်ကမ္ဘာ (၁၉၉၃) စသည်ဖြင့် စုစည်း ခဲ့သည်။ စာပေ အနုပညာ ဆိုင်ရာ ကျမ်းများမှာ ဘုန်းနိုင့် အတွေး ဘုန်းနိုင့် အမြင် (၁၉၇၇)၊ ခမ်သိမ်းကလျာ ရှုဖွယ်သာတည်း ပထမတွဲ၊ ဒုတိယတွဲ (၁၉၉၄) တို့ ဖြစ်ကြသည်။ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ ဘာသာပြန် ကဗျာ စာအုပ် များမှာ ရှားလော့ဒေဝီ (၁၉၉၆)၊ တမ်းတမိခြင်း (၁၉၉၇) တို့ ဖြစ်ကြသည်။

နိုင်ငံခြား ဘာသာသို့ ပြန်ဆို ထုတ်ဝေ ခဲ့သည့် စာအုပ်များမှာ ရုရှား ဘာသာဖြင့် 'သူ့ကျွန်မခံပြီ' (၁၉၇ဝ)၊ တရုတ် ဘာသာဖြင့် 'စွန့်ခွာရသည့် နွေညများ' (၁၉၈၈)၊ ဟင်ဒီ ဘာသာဖြင့် 'သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်' (၁၉၉၄) တို့ ဖြစ်ကြသည်။ 'နှင်းငွေ့ တထောင့် မိုးတမှောင့်' ဖြင့် ၁၉၇၂ ခုနှစ်တွင် အမျိုးသား စာပေဆု ရရှိခဲ့သည်။

0 Reviews