BOOK DETAILS

အိပ်ဇိုးဒပ်

Language : မြန်မာ
File Info :  

epub, kfx


၂၀ ရာစုရဲ့ အထူးခြားဆုံးစာအုပ်။ နှစ်ပေါင်းနှစ်ထောင်ကြာ အိပ်မက်တစ်ခုကို အကောင်အထည်ဖေါ်ခဲ့တဲ့ ပြည်သူတွေရဲ့ ဖြစ်ရပ်မှန် လှုပ်ရှားမှုကြီး။

လီယွန်အူးရစ်ရေးပြီး ဆရာမောင်မိုးသူ ဘာသာပြန်တဲ့ အိတ်ဇိုးဒပ်ကို ဖတ်တော့ စာအုပ်တစ်အုပ် အရင်ဆုံး ခေါင်းထဲမှာ ပေါ်လာပါတယ်။ အဲဒါစာအုပ်ကတော့ ကနေဒါကွိဘက်က ကာတွန်းဆရာ Guy Delisle ရေးတဲ့ ဂျေရုဆလင်ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ အိတ်ဇိုးဒပ်မှာတော့ အစ္စရေးနိုင်ငံတစ်ခုကို ဖြစ်ပေါ်လာဖို့ ဘယ်လို ကြိုးစား တည်ဆောက်ခဲ့ကြရတယ်ဆိုတာကို သမိုင်းအဖြစ်အပျက် အမှန်တွေအပေါ် မူတည်ဇာတ်အိမ်ဖွဲ့ ရေးဖွဲ့ထားပြီး ကာတွန်းဆရာရဲ့ စာအုပ်မှာတော့ မျက်မှောက်ခေတ် အစ္စရေးနိုင်ငံရဲ့ ပုံစံကို ကာတွန်းဆရာတစ်ယောက်ရဲ့ အမြင်နဲ့ ပုံဖော်ရေးဆွဲထားပါတယ်။ နောက် မိတ်ဆွေတစ်ယောက်က အိတ်ဇိုးဒပ်နဲ့အတူ (အကြီးအကဲ) နိုင်ငံတစ်ခု ပျက်သုန်းခြင်းဆိုတဲ့ စာအုပ်နဲ့ တွဲဖတ်ဖို့ ညွှန်းလာပါတယ်။ အဲဒီစာအုပ်ကိုလဲ လီယွန်အူးရစ်ရေးတာပါပဲ။ ဆရာမောင်ပေါ်ထွန်းက ဘာသာပြန်တယ်လို့ သိရပါတယ်။

အစ္စရေးနိုင်ငံဆိုတာ သဲကန္ဒာရထဲကနေ အခက်အခဲ အတားအဆီးပေါင်းစုံကြားကနေ၊ စစ်ပွဲမျိုးစုံ၊ ရန်သူပတ်လည်ဝိုင်းနေတဲ့ အခြေအနေကြားကနေ ခေတ်မှီနိုင်ငံတစ်ခုအဖြစ် အလျှင်မြန်ဆုံး ထိုးထွက်လာနိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ စင်္ကပူနိုင်ငံရဲ့ ဖခင်ကြီး လီကွန်ယုအကြောင်းကို ဖတ်တော့ စင်္ကာပူနိုင်ငံကို အမြန်ဆုံးတည်ဆောက်ရာမှာ အစ္စရေးရဲ့ နမူနာကို အများကြီး ယူခဲ့တယ်လို့ သိခဲ့ရပါတယ်။ နောက်ပြီး ပါလက်စတိုင်းဆိုတဲ့ ဒေသမှာ အခုအချိန်အထိ ပရိပက္ခပေါင်းစုံနဲ့ နဘမ်းလုံးနေဆဲ၊ အဲဒီ ပရိပက္ခတွေ ဘယ်က စဖြစ်လာသလဲ စသည်ဖြင့် သိချင်တာတွေ များလာပါတယ်။ အဲဒီလို သိချင်နေတဲ့ ကျွန်တော့်အတွက် အိတ်ဇိုးဒပ်က ပြည့်ပြည့်စုံစုံ ပြောပြလိုက်ပါတယ်။ သမိုင်းကို သမိုင်းလို မပြောပဲ ဝတ္ထုဆန်ဆန် ပြောတော့ အစကအဆုံးအထိ ဖတ်ကောင်းကောင်းနဲ့ ဖတ်လိုက်တာ အလုပ်မလုပ်ဖြစ်မှာစိုးလို့ ခဏခဏ ရပ်ထားရတဲ့ အထိပါပဲ။

အိတ်ဇိုးဒပ်ကတော့ ဂျူးစာရေးဆရာ တစ်ယောက်ရေးတာ ဖြစ်တာနဲ့အညီ ဂျုးတွေဖက်က အဓိကထား ရေးသွားပါတယ်။ အိတ်ဇိုးဒပ်ဆိုတဲ့ သင်္ဘောကြီးနဲ့ ဗြိတိသျှတွေ ဂျူးတွေကို ဖမ်းဆီးစုစည်းထားရာ ဆိုင်ပရပ် ဒုက္ခသည် စခန်းကနေ ဂျူးကလေးတွေ အများကြီးတင်ပြီး ပါလက်စတိုင်းကို ထွက်ခွာခွင့်တောင်းရာကနေ ဇာတ်လမ်းစပါတယ်။ ထွက်ခွာခွင့်ပေးဖို့ အစာငတ်ခံ ဆန္ဒပြတိုက်ပွဲတွေ ရက်ပေါင်းများစွာ ဆင်နွဲပြီးမှ ပါလက်စတိုင်းကို ထွက်ခွာဖို့ ဗြိတိသျှတို့က ခွင့်ပြုခဲ့ပါတယ်။ အဲဒီ အိတ်ဇိုးဒပ်သင်္ဘောကြီးက အစပြုလို့ အမေရိကန်နိုင်ငံသူ ကစ်တီဆိုတာ ပါဝင်ပတ်သက်လာပါတယ်။ ကစ်တီနဲ့အတူ ဂျူးတော်လှန်ရေးခေါင်းဆောင် အယ်ရီဘင်ကင်နင် ဇာတ်ရုပ်က ကြွလာပါတယ်။ ကစ်တီ၊ အယ်ရီအတွဲ နောက်တော့ ကစ်တီ သံယောဇဉ်ဖြစ်မိတဲ့ ကာရင်နဲ့ ဒပ်အတွဲ စသည်ဖြင့် ဇာတ်ကောင်တွေ ဝင်လာပါတယ်။ အဲဒီကနေ ဆက်သွားလိုက်တာ ဂျူးလွှတ်မြောက်ရေး တိုက်ပွဲပေါင်းများစွာ ပါဝင်လာပါတော့တယ်။ နောက်ဆုံး အစ္စရေးနိုင်ငံ ထူထောင်နိုင်ခဲ့ပုံ၊ ဂျူးများအနေဖြင့် နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက ပျောက်ဆုံးနေခဲ့သော နိုင်ငံကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပုံတွေကို အားရပါးရ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

ဖတ်ညွှန်းရေးသားသူ - စိုးသီဟနောင်

About Author

မောင်မိုးသူ
1 Book

၁၉၅၃ ခုနှစ်မှ စ၍ ကဗျာများ ရေးခဲ့။ ၁၉၅၆ ခုနှစ်၊ တက္ကသိုလ် ရောက်ရှိချိန်တွင် ဆောင်းပါး ဝတ္ထုများ ရေးခဲ့။ ည (၁၉၆၁)၊ မေမေကြည် (၁၉၆၂)၊ ရန်ကုန်သားနှင့် မန္တလေးသူ (၁၉၆၆)၊ မိုးမိတောက်တို့ ပန်တော်အမီ (၁၉၆၇) စသည့် မြန်မာ ဝတ္ထုများ ရေးခဲ့။ ဝတ္ထု၏ သဘောနှင့် ရည်ရွယ်ချက် စာတမ်းနှင့် မိုးဦးပန်း အစမ်းစာများ ရေးသားခဲ့။ မိုးဦးပန်း စာပေတိုက်ကို တည်ထောင်၍ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာ ဇေယျ၊ ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာ တက်တိုး၊ ဒဂုန်တာရာ၊ တက္ကသိုလ် ဘုန်းနိုင်၊ သိန်းသန်းထွန်း၊ ထွန်းထွန်း (ဆေးသိပ္ပံ) တို့ရဲ့ ဝတ္ထုများ၊ ကဗျာ စာအုပ်များ၊ ဘာသာပြန် စာအုပ်များ ထုတ်ဝေခဲ့။ ဘာသာပြန် ဝတ္ထုများ အဖြစ် စိတ္တဇ (၁၉၆၅)၊ အိပ်မက်ကုန်သည် (၁၉၇၆)၊ သေနေ့ (၁၉၇၇)၊ ကြေးစား (၁၉၈၁)၊ အိပ်ဇိုးဒပ် (နိုင်ငံတခု မွေးဖွားခြင်း)၊ ကျားကုတ်ကျားခဲ (၁၉၈၃)၊ သဲကြီးမဲကြီး (၁၉၈၂)၊ သူနိုင်ကိုယ်နိုင် (၁၉၈၂)၊ အချစ်ပုံပြင် (၁၉၈၂)၊ သက်စွန့်ဆံဖျား (၁၉၈၃)၊ စိန်ပီတာဘက်မှလူ (၁၉၈၃)၊ မာဖီးယားနှင့် ပေါ်ပီပန်း (၁၉၈၃)၊ ဂျိန်းစဘွန်း၏ အထူးတာဝန် (၁၉၈၃)၊ အိပ်ဇိုးဆေး (၁၉၈၄)၊ အတိတ်တစ္ဆေ (၁၉၈၄)၊ လင်းယုန်တို့ အောင်ပွဲ (၁၉၈၄)၊ ရိုလာကိုစတာ ခုမကြည့်နဲ့ဦး (၁၉၈၅)၊ ငြိုးသူ့ရန်ဘက် (၁၉၈၅)၊ ပစ်မသွားနဲ့ အချစ်ရယ် (၁၉၈၆)၊ အထွတ်အထိပ် (၁၉၈၇) စသည့် ဘာသာပြန် စာအုပ်များ ထုတ်ဝေခဲ့။ လွယ်အိတ် တစ်လုံးနှင့် ရွာစဉ်လည် (မိုးဝေနှင့် အခြား မဂ္ဂဇင်းများ) ပင်တိုင် ဆောင်းပါးများ၊ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင် (ကလျာ မဂ္ဂဇင်းများ) ပင်တိုင် ဆောင်းပါးများ ရေးသားပြီး လုံးချင်း ထုတ်ဝေခဲ့သည်။ မန္တလေး တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း (မြန်မာစာတည်း)၊ မန်းခေတ် သတင်းစာ၊ ခေတ်ဂျာနယ်၊ ဓန မဂ္ဂဇင်း၊ ကုမုဒြာ ဂျာနယ်၊ Perfect မဂ္ဂဇင်း တို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့။ မန်းတက္ကသိုလ် ကလောင်ရှင် အသင်း အမှုဆောင်၊ အထက် မြန်မာနိုင်ငံ စာရေးဆရာ အသင်း အမှုဆောင်၊ မန္တလေး အသင်း အမှုဆောင်၊ မြန်မာ နိုင်ငံ ရုပ်ရှင် ကောင်စီ ဗဟို အမှုဆောင် အဖြစ် တာဝန် ယူခဲ့။

0 Reviews